Home
မြန်မာသတင်း
ရန်ကုန်တွင် တော်လှန်ရေးအဖွဲ့များက မေလအတွင်း စစ်ဆင်ရေး ၈ ကြိမ် ပြုလုပ်ခဲ့
DVB
·
June 6, 2025
Photo :RSN

ရန်ကုန်က မြို့နယ် ၇ ခုမှာ ပြီးခဲ့တဲ့ ၂၀၂၅ မေလအတွင်း တော်လှန်ရေးအဖွဲ့တွေက စစ်ဆင်ရေး ၈ ကြိမ်အထိ တွေ့ရတယ်လို့ Rangoon Scout Network RSN အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီစစ်ရေးဖော်ဆောင်မှုတွေကို Golden Valley Warrior၊ Yangon Army၊ အနောက်ပိုင်းခရိုင် ပကဖ၊ မြောက်ဥက္ကလာ ပကဖ၊ Freelance Attack Force၊ Anonymous Fighters Force၊ Blood Line၊ Operation Flame စတဲ့ တော်လှန်‌ရေးအဖွဲ့တွေက လုပ်ဆောင်ခဲ့ပါတယ်။

Rangoon Scout Network RSN အဖွဲ့ သတင်းပြန်ကြား တာဝန်ရှိသူက “စစ်ရေးလှုပ်ရှားမှု ၈ ကြိမ်အပြင် မေလထဲ သပိတ်လှုပ်ရှားမှု ၂ ကြိမ် ရှိခဲ့တယ်။ မေလထဲ ထူးခြားမှုအနေနဲ့က လကုန်ပိုင်းမှာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်မှုအပြီး မြို့နယ်တော်တော်များများမှာ ဘက်ထရီဘီးတွေ လိုက်ဖမ်းတာ၊ ကန့်သတ်တာတွေ လုပ်တယ်။ တွံတေးမြို့နယ်တဝိုက်ကို တပတ်လောက် နယ်မြေရှင်းလင်းရေးလုပ်ပြီး လူ ၃၀ ဝန်းကျင် ဖမ်းဆီးတယ်။ ၂ လလောက် လမ်းမပေါ် လူလိုက်ဆွဲတာတွေ နည်းသွားပြီး ဒီလမှာ ခပ်စိပ်စိပ် ပြန်တွေ့လာရတယ်။ အခြေခံလစာတိုးဖို့ ဆန္ဒပြတာတွေကို အလျှော့ပေး ညှိနှိုင်းလာတာ တွေ့ရတယ်။ စစ်မှုထမ်း လူဆင့်ခေါ်တာ၊ စာရင်းကောက်တာ၊ ပိုက်ဆံညှစ်တာ၊ လူရှာဖမ်းတာ၊ အစစ်အဆေးဝင်တာ စတဲ့ဖြစ်စဉ်တွေကတော့ ပုံမှန်အတိုင်း လည်ပတ်နေပါတယ်” လို့ ပြောပါတယ်။

စစ်ဆင်ရေး ၈ ကြိမ်မှာ စစ်ကောင်စီအဖွဲ့နဲ့ သက်ဆိုင်ရာနေရာတွေကို ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်မှု ၇ ကြိမ်၊ လုပ်ကြံမှုတကြိမ်တို့နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လုပ်ကြံမှုအတွင်း စစ်ကောင်စီရဲ့ အငြိမ်းစားသံအမတ် ဗိုလ်မှူးချုပ် ချိုထွန်းအောင် သေဆုံးမှုက ထင်ရှားပါတယ်။

စစ်ဆင်ရေးနေရာတွေအဖြစ် တိုက်ကြီးမြို့နယ်က မြို့မရဲစခန်း၊ လှည်းကူးမြို့နယ်က ခြေမြန်တပ်ရင်း (ခမရ-၂၁၁) ဂိတ်ကင်းစခန်း၊ စစ်ကောင်စီအဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ မြောက်ဒဂုံမြို့နယ် အားကစားခန်းမ၊ စမ်းချောင်းမြို့နယ်က မဟာမြိုင် ရဲရိပ်သာ၊ စမ်းချောင်းတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စတဲ့နေရာတွေ ပါဝင်ပါတယ်။

ရန်ကုန်‌တော်လှန်ရေးတဖွဲ့ဖြစ်သလို အငြိမ်းစား ဗိုလ်မှူးချုပ်ကို လုပ်ကြံခဲ့တဲ့ Golden Valley Warrior အဖွဲ့ဝင်တချို့နဲ့အတူ မိသားစုဝင်တွေကိုပါ ဖမ်းဆီးမိထားတယ်လို့ ဇွန် ၄ ရက် နေ့စွဲနဲ့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013