Home
မြန်မာသတင်း
MNDAA က ယွမ် ၅ သိန်းအထက် ရင်းနှီးမြှုပ်နှံသူများကို နယ်စပ်ဖြတ်ခွင့်စာအုပ် လုပ်ပေး
DVB
·
June 9, 2025
Photo: The Kokang, ဒေသခံ

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နယ်မြေမှာ တရုတ်ယွမ်ငွေ ၅၀၀,၀၀၀ အထက် ရင်နှီးမြှုပ်နှံနိုင်သူတွေကို နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် စတင်လုပ်ပေးနေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

သိန္နီမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတယောက်က “၂ ပတ်လောက်ရှိပြီ။ အဲဒီလို လိုက်ကြေညာနေတာ။ သိန္နီခရိုင်မှူးက အစည်းအဝေးခေါ်ပြီး လိုက်ပြောနေတာ။ အသိပေး ထုတ်ပြန်ထားတာတွေလည်း ရှိခဲ့တယ်။ အခုက နယ်မြေလှည့်လည်သွားရောက်ရင်း လိုက်ပြောနေတာ” လို့ ပြောပါတယ်။

တရုတ်ငွေ ယွမ် ၅၀၀,၀၀၀ (ကာလပေါက်ဈေး ကျပ် သိန်း ၃,၀၀၀ ကျော်) နဲ့အထက် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်သူတွေကို ချင်းရွှေဟော်ကနေ တရုတ်ဘက် အဝင်အထွက်စာအုပ် လုပ်ပေးပြီလို့ ကြေညာနေပါတယ်။

တရုတ်နိုင်ငံသားတွေကလည်း သိန္နီနဲ့အထက်ပိုင်း လာပြီး ရင်းနှီးမြှုပ်နှံတဲ့ တရုတ်သူဌေးတွေ အရမ်းများလာပြီး လားရှိုး-ကွမ်းလုံ လမ်းမကြီးဘေးတွေမှာ ဒေသခံ ရှမ်းတွေရဲ့ ခြံတောင် မကျန်ဘူး။ အကုန်ငှားရမ်းကာ အဆောက်အအုံတွေလည်း ဆောက်နေကြတယ်လို့ သိန္နီမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတယောက်က ပြောပါတယ်။ 

“ဖြတ်သွားဖြတ်လာ မမြင်ရတဲ့ တောဘက်ပိုင်းတွေမှာလည်း လက်ရှိ ထိန်းချုပ်နေတဲ့ MNDAA တပ်ဖွဲ့က နေရာလိုက်ယူပေးပြီး တရုတ်နိုင်ငံသား သူဌေးတွေ နွားခြံ၊ ဝက်ခြံတွေ လုပ်တယ်။ ကြံတွေ စိုက်တယ်။ ငါးကန်တွေ အခိုင်အမာ လုပ်တယ်။” 

သိန္နီမြို့ ကနေ အထက်ပိုင်းမှာ လက်ရှိအချိန် တရုတ်နိုင်ငံလို ဖြစ်လာနေပြီလို့လည်း ဆိုပါတယ်။ 

မုံးကိုးဒေသခံတယောက်က “MNDAA ထိန်းချုပ်နယ်မြေ တရုတ်နယ်စပ်တလျှောက်က ဒေသခံ ပြည်သူတွေကို တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် BP လုပ်ပေးမယ်ဆိုတာ ၁၀၂၇ စစ်ဆင်ရေး ပြီးသွားတဲ့ အချိန်ကတည်းက ဒေသခံတွေရဲ့ သန်းခေါင်စာရင်း ကောက်တယ်၊ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် BP လုပ်ပေးမယ်လို့ တောက်လျှောက်ပြောနေတာ ဖြစ်တယ်” လို့ ပြောပါတယ်။

မုံးကိုးမှာတော့ MNDAA ဘက်က ပြုလုပ်ပေးတဲ့ အိမ်ထောင်စုစာရင်းစာအုပ်နဲ့ ဒေသခံ မှတ်ပုံတင်ကတ်ပြား ရှိပါက နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ရဖို့ ကြိုတင်စာရင်းသွင်းထားပြီး တရုတ်ဘက်ခြမ်းက တရုတ်နယ်စပ်ဂိတ်မှာ အခမဲ့ ပြုလုပ်ယူလို့ရတယ်၊ ဒေသခံတချို့က အဲဒီ စာအုပ်နဲ့ တရုတ်ဘက် အဝင်အထွက် လုပ်နေကြပါတယ်။

နယ်စပ်ကုန်သည်တယောက်က “ချင်းရွှေဟော်မှာလည်း ကိုးကန့် MNDAA ကထုတ်ပေးတဲ့ ရှမ်းပြည်နယ် အထူးဒေသ ၁ အိမ်ထောင်စုစာအုပ်နဲ့ ဒေသခံကတ်ပြားရှိရင် တရုတ်နယ်စပ်မှာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် လုပ်လို့ရတယ်။ နယ်စပ်မြို့ပဲ။ လောက်ကိုင်ကျတော့ နမ့်စန်ထိပဲ သွားလာလို့ရတယ်။ ချင်းရွှေဟော်ကျတော့လည်း မိန်းတိန်(မန်းတိန်) ထိပဲ သွားလာလို့ရတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

တရုတ်ဘက်ကတော့ နှစ်နိုင်ငံ ထိစပ်နေတဲ့ ခရိုင်အတွင်း နယ်စပ်ဖြတ်ကျော်ခွင့်နဲ့ သွားလာခွင့်ပြုထားပြီး မုံးကိုးနယ်စပ်ဂိတ်က နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ရှိသူတွေ အနေနဲ့တော့ တရုတ်ဘက် မံစီမြို့အထိ သွားလာလို့ရတယ်၊ မံစီထိ နယ်စပ်ဒေသလို့ပဲ တရုတ်ဘက်က သတ်မှတ်ထားပါတယ်။

MNDAA ရဲ့ ဌာနဆိုင်ရာရုံးတွေမှာ ၂ နှစ်နဲ့အထက် တာဝန်ထမ်းဆောင်သူတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ စစ်မှုထမ်းတွေ၊ အိမ်ထောင်ရှိပြီး MNDAA ထိန်းချုပ်နယ်မြေမှာ ၈ နှစ်နဲ့ အထက် အခြေချနေထိုင်ပြီး ပြစ်မှုမှတ်တမ်းမရှိသူတွေ အနေနဲ့ MNDAA ထိန်းချုပ်နယ်မြေက အိမ်ထောင်စုနဲ့ မှတ်ပုံတင်ကတ်တွေကို ရယူနိုင်တယ်လို့ MNDAA ဘက်က အသိပေး ကြေညာစာ ထုတ်ထားပါတယ်။

MNDAA ထိန်းချုပ်နယ်မြေ ပြင်ပကနေ ဝင်ရောက်လာသူတွေအနေနဲ့ ကိုးကန့် ထိန်းချုပ်နယ်မြေမှာ ယွမ် ၅၀၀,၀၀၀ နဲ့အထက် တန်ဖိုးရှိ စီးပွားရေးလုပ်ငန်း၊ စွန့်ဦးတီထွင်လုပ်ငန်း၊ အိမ်ခြံမြေ ပိုင်ဆိုင်မှု၊ ၅ နှစ်အထက် ဘဏ်အတိုးမဲ့ ပုံသေအပ်ငွေတွေရှိရင် MNDAA ထိန်းချုပ်နယ်မြေက အိမ်ထောင်စုနဲ့ မှတ်ပုံတင်ကတ်တွေကို ရယူနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

MNDAA ထိန်းချုပ်နယ်မြေရှိ ဘယ်လူမျိုးဖြစ်ဖြစ် သတ်မှတ်ချက်နဲ့ ကိုက်ညီရင် ဒေသခံ မှတ်ပုံတင်ကတ်ပြား လုပ်လို့ရပြီး MNDAA ဘက်က ထုတ်ပေးတဲ့ အိမ်ထောင်စုစာရင်း စာအုပ်နဲ့ ဒေသခံကတ်ပြား ရှိရင် တရုတ်ဘက်ခြမ်းမှာ နယ်စပ်ဖြတ်ကျာ်ခွင့်စာအုပ် လျှောက်ယူလို့ရတာ ဖြစ်ပါတယ်။

Photo: The Kokang, ဒေသခံ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013