Home
မြန်မာသတင်း
တောင်းခမ်းနယ်မြေအများစု လက်လွှတ်လိုက်ရပြီး ခုခံကာကွယ်စစ်ပြန်ဖြစ်လာနိုင်ဟု TNLA ပြော
DVB
·
June 6, 2025

တောင်းခမ်းဘက်က နယ်မြေအတော်များများကို လက်လွှတ်လိုက်ရပြီး စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပေမဲ့ စိုးရိမ်မှုမရှိကြောင်းနဲ့ ခုခံကာကွယ်ရင်း စစ်ပြန်ဖြစ်လာနိုင်တယ်လို့ TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေက မြို့နဲ့ ၁၀ မိုင်အကွာထိ နီးကပ်လာပါတယ်။

တောင်းခမ်းဘက်က နေရာအများစုကို လက်လွှတ်လိုက်ရကြောင်းနဲ့ စစ်ဗျူဟာအရ သွားနေတာဖြစ်လို့ စိုးရိမ်မှုမရှိကြောင်း ဇွန် ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောလိုက်ပါတယ်။

“မိမိကိုယ်မိမိ ခုခံကာကွယ်ရင်းနဲ့ စစ်ကပြန်ဖြစ်တာ ရှိလာနိုင်တယ်။ သို့ပေမဲ့လည်း လူထုတွေအနေနဲ့ ဒါကို စစ်ရေးသတိ အမြဲရှိဖို့တော့ လိုအပ်ပါတယ်။ ဥပမာ အထူးသဖြင့် တောင်းခမ်းဘေးနား တဝိုက်မှာရှိတဲ့ ပြည်သူလူထုတွေ၊ ပြီးတော့ နောင်ချိုဘေးနားတဝိုက်မှာရှိတဲ့ ပြည်သူလူထုတွေ အဓိကတော့ ဒီ လုံခြုံရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။”

လက်ရှိအချိန်ထိတော့ ယာပြင်ဘက်က တက်လာတဲ့ စစ်ကြောင်းဟာ ကံကြီးရွာထဲထိ မရောက်သေးပေမဲ့ ရွှေမုဌောရွာကို ကျော်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရေးလေ့လာသူကတော့ ယာပြင်ဘက်က စစ်ကြောင်းဟာ ကံကြီးအထိ ရောက်နေသလို နောင်လင်ဘက်က စစ်ကြောင်းဟာလည်း နောင်ချိုကြီး တိမ်ပင်လယ်အထိ ရောက်လာတာကြောင့် ဒီစစ်ကြောင်း ၂ ခုပေါင်းပြီး နောင်ချိုမြို့ထဲကို ထိုးစစ်ဆင်လာနိုင်တယ်လို့ ပြောပါတယ်။

စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က “စစ်ရေးအနေအထားအရ ပြောရမယ်ဆိုရင် ဒီစစ်ကြောင်း ၂ ကြောင်းက နောင်ချိုမြို့ထဲအထိတော့ ရောက်လာနိုင်မယ့် အနေအထားမျိုး ရှိတယ်။ TNLA နဲ့ နောင်ချိုမြို့တွင်းမှာ ပြန်လည်ထိတွေ့မှုတွေ ပြင်းထန်လာမယ့် အနေအထားမျိုးပေါ့။ TNLA နဲ့ ပူးပေါင်းအဖွဲ့တွေ အပြင်းအထန် ခုခံရမယ့် အနေအထားမျိုး တွေ့ရသလို စစ်ကောင်စီဘက်ကလည်း စစ်ရေးအရ၊ စစ်ရေးနည်းနဲ့ နောင်ချိုကို ပြန်လည်ထိန်းချုပ်နိုင်အောင် ကြိုးစားမယ့် အရပ်လက္ခဏာတွေကို မြင်ရတယ်လို့ ပြောရမှာဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။

TNLA ဘက်ကတော့ အခုလို တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ပြည်သူတွေကို ဘေးကင်းရာမှာ ကြိုတင်တိမ်းရှောင်ဖို့ သတိပေးတာရှိနေသလို အုမ္မတီးဘက်မှာဆိုရင် စစ်တပ်က နေအိမ်တွေကို ဝင်ရောက်မီးရှို့တာ ရှိတယ်လို့ ပြောပါတယ်။

နောင်ချိုမြို့နယ်ထဲမှာ နှစ်ဖက်ထိုးစစ်ဆင်မှုတွေရှိနေပြီး လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မြို့ထဲကပြည်သူတွေ ကြိုတင်တိမ်းရှောင်နေကြပြီလို့ မြေပြင်အခြေအနေကို သိရှိတဲ့ ရှမ်းမြောက်ဒေသခံတယောက်က ပြောပါတယ်။

“လက်ရှိ အဆက်အသွယ်တွေ ပြတ်နေတာဗျ။ ပြည်သူတွေ စစ်ရှောင်ကုန်ကြပြီ။ နောင်ချိုနဲ့ ၁၀ မိုင်ခန့် အကွာမှာပါ စကစ မရသေးပါဘူး။ အဲ့ဘက်ဒေသက အခုစစ်ရှောင်ကြရပါပြီ။ သရက်ကုန်းဘက်ခြမ်းက စစ်ရှောင်ကြရတာ ၂ နှစ်ပြည့်ပါပြီ။ ဘယ်လိုကူရမလဲတောင် မသိဘူး။ နိုင်တဲ့အင်အားနဲ့တော့ စစ်ရှောင်ကို ကူနေကြပါတယ်ဗျာ။ ကံကြီးဘက်က ရှောင်ပြီးပါပြီ။ မြို့ပေါ်က ရှောင်စပြုလာပါပြီ။ ဘာလို့ဆိုတော့ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ ၄ ဦး ဒီနေ့ ဒဏ်ရာရထားပါတယ်။ အဲဒါတွေကြောင့် စရှောင်ကြပါတယ်။ ဒီနေ့ အတော်များများကို ရှောင်သွားကြပါတယ်။”

စစ်တပ်ဟာ ရပ်စောက်၊ ကျောက်ဂူကနေတဆင့် တောင်းခမ်းကို စစ်အင်အားတွေပို့နေပြီး အဲဒီကနေမှ နောင်ချိုမြို့ကို ထိုးစစ်ဆင်လာတာဖြစ်သလို လေကြောင်းကနေလည်း ရိက္ခာခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

တကျော့ပြန် နောင်ချိုတိုက်ပွဲမှာ TNLA တပ်တွေအပြင် ဓနုတပ် DPLA လည်း ပါဝင်တိုက်ခိုက်နေပြီး ဇွန် ၅ ရက်အထိတော့ ကံကြီးရွာမှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

ပြင်ဦးလွင်နဲ့ ကျောက်မဲမြို့အကြားမှာရှိတဲ့ နောင်ချိုကို တော်လှန်ရေးတပ်တွေက ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ၁၁ လအကြာမှာ စစ်တပ်က မြို့အနားထိ ပြန်ကပ်လာတာ ဖြစ်ပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013