Home
မြန်မာသတင်း
ပဒါန်းတပ်နယ် နတ်ရေကန်ဗျူဟာရှိ တာဝါတိုင်စခန်းကို AA သိမ်းပိုက်
DVB
·
June 5, 2025
Photo: AA

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းအတွင်းမှာရှိတဲ့ တာဝါတိုင် စခန်းကုန်းကို ဇွန် ၃ ရက်မှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်နိုင်ခဲ့ကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လက်ရှိမှာ နတ်ရေကန်ဗျူဟာစခန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။

“တာဝါတိုင်းစခန်းက ဇွန်လ ၃ ရက်နေ့ကတည်းက သိမ်းပိုက်ထားတာ။ လက်ရှိတော့ နတ်ရေကန်ဗျူဟာကို ထိုးစစ်ဆင်နေကြတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံနေတယ်။ အသေအပျောက်တွေလည်း အတော်များတယ်။ လက်ရှိလည်း ပဒါန်းဘက်ကနေ အင်အားတွေ ဆက်တိုက်ဖြည့်နေတယ်။”

နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေကြတာဖြစ်ပြီး ကာကင်းစခန်းတွေဖြစ်တဲ့ ကံမြင်ကန်၊ ဂုတ်စည်း၊ ဂုတ်ကြီးစခန်းတွေ အပါအဝင် တပ်စခန်းတချို့ကိုလည်း အရင်ကတည်းက သိမ်းပိုက်ထားတာပါ။

လက်ရှိမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေကို စစ်ကောင်စီက ပဒါန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ပဒါန်းမြို့အခြေစိုက် အမှတ် ၉၀၅ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်ကနေ အင်အားရာနဲ့ချီပါတဲ့ စစ်ကား ၄ စီးနဲ့ အင်အားဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

“စစ်ကောင်စီက တာဝါတိုင်စခန်း သိမ်းပိုက်ခံရပြီးနောက် နတ်ရေကန်ဗျူဟာကို ကာကွယ်ဖို့အတွက် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်။ အဓိကတော့ နတ်ရေကန်ဗျူဟာ ကျမှာကို စစ်ကောင်စီက အတော်လေး ကြောက်နေကြတာ။ တိုက်ပွဲကတော့ ပြင်းထန်လာမယ့်သဘောရှိတယ်။”

နတ်ရေကန်ဗျူဟာ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီက တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေနဲ့ အဓိကခုခံနေတာလည်း ဖြစ်ပါတယ်။

နတ်ရေကန် စခန်းသိမ်းတိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော်က စစ်ကောင်စီရဲ့ တပ်မ ၉၉ က နည်းဗျူဟာမှူးအဆင့်အထိ လက်ရဖမ်းဆီးရမိခဲ့တာလည်း ရှိပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ် ၁၅ ခုကို သိမ်းပိုက်ရရှိပြီးနောက် မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းအထိ ထိုးစစ်ဆင် တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013