
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းမိတဲ့အခါ သိမ်းဆည်းပြီးနောက် ယာဉ်ပိုင်ရှင်တွေပါ ဖမ်းဆီးတာတွေရှိနေတဲ့အတွက် လူမှုကူညီရေးအသင်းတချို့ လူနာပို့ဆောင်မှုတွေ ရပ်နားထားရတယ်လို့ ပရဟိတသမားတွေက ပြောကြပါတယ်။
ဇွန် ၁ ရက်ကစလို့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် နေရာအနှံ့မှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးပြီး အရေးယူ သိမ်းဆည်းတာတွေ လုပ်ဆောင်နေတာပါ။
မော်လမြိုင်မြို့မှာတော့ မြို့ဝင်မြို့ထွက်တွေနဲ့ လူစည်ကားရာ နေရာတွေမှာ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေကို ဖမ်းမိလျှင် ယာဉ်ပိုင်ရှင်တွေကိုပါ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ဖမ်းမိခဲ့လျှင် ယာဉ်ကို အပြီးသိမ်းဆည်းပြီး စီးနင်းသူကိုတော့ ထောင်ဒဏ်တလမှ ၃ လအထိ ချမှတ်ခံရမယ်လို့ မော်လမြိုင် မြို့ခံတွေက ပြောကြပါတယ်။
မော်လမြိုင်မြို့ခံတယောက်က “နေရာကတော့ အတိအကျမရှိဘူးလေ၊ ကျန်တဲ့နေရာတွေကတော့ ကြိုကြားကြိုကြား ဝင်တာပေါ့။ အဓိကကတော့ တံတားထိပ်တို့ ဂတ်တဲထိပ်တို့ ဈေးချိုတို့ ဒေါင်းဇရပ်မီးပွိုင့်တို့ အဲဒီမှာတော့ အဓိကပေါ့။ ကားတွေရော ဆိုင်ကယ်တွေရော အခုက မိရင် လူပါဖမ်းထားတယ်။ ကားလိုင်စင် မရှိရင် လူပါ ဖမ်းတယ်။ အရင်က ကားပဲသိမ်းတာ၊ အိမ်ထဲထိ လိုက်ဖမ်းတယ်ဆိုတာ ကျိုက်ထိုတို့ အပေါင်တို့ အဲဒီဘက်ခြမ်းတွေ။ မော်လမြိုင်မှာတော့ အိမ်ထဲထိ လိုက်ဖမ်းတာ မရှိသေးဘူး”လို့ ပြောပါတယ်။
လိုင်စင်မဲ့ကား၊ ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တွေအပြင် လူမှုကူညီရေး အသင်းယာဉ်တွေကိုပါ ဖြတ်သန်းသွားလာခွင့်မပေးဘဲ ဖမ်းဆီး သိမ်းဆည်းခံနေတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာတော့ မြို့ဝင်ဂိတ်နဲ့ ဘားအံပလာဇာအရှေ့မှာ ဖမ်းဆီးမှုတွေ ရှိတဲ့အတွက် လူမှုကူညီရေး အဖွဲ့ဝင်တွေအနေနဲ့ လူနာပို့ဆောင်ရေး လုပ်ငန်းတချို့ ရပ်နားထားရတယ်လို့ ဆိုပါတယ်။
ဘားအံမြို့အခြေစိုက် လူမှုကူညီရေး အသင်းဝင်တယောက်က “ကျနော်တို့က ဒီကားတွေ စဝယ်ကတည်းက W (လိုင်စင်မဲ့) လေ။ လိုင်စင်ကားတစီးက သိန်းထောင်ချီရှိတယ်၊ အဲဒီပမာဏက ကျနော်တို့ အသင်းတသင်း ထောင်လို့ရတယ်။ W ကားကို ဝယ်ထားတာဆိုတော့ လိုင်စင်ပြန်လုပ်လို့မရဘူး။ လုပ်ခွင့်လည်း မရှိဘူးလေ။ လိုင်စင်ကား တစီးစာဆို W ကားက ၁၀ စီးစာလောက် ရတယ်။ W ကားကို အသုံးပြုခွင့်ပေးမယ်ဆိုရင်လည်း ကျနော်တို့ တသင်းတည်း တမြို့တည်း လုပ်ပေးလို့မရဘူး။ ကရင်ပြည်နယ် တပြည်နယ်လုံး လူနာတင်ကား ထောင်ချီရှိတာ အဲဒါတွေ အကုန်လုပ်မှရမှာ။ အခုစီမံချက်ကာလထဲမှာတော့ ဒီကားတွေကို မသုံးဘဲ ထားရုံပေါ့၊ စီမံချက်ကာလပြီးမှပဲ ဖြတ်သန်းသွားလာခွင့်ရဖို့ တောင်းဆိုတာတွေ လုပ်ရမှာ”လို့ ပြောပါတယ်။
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေပေမဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေ၊ အရာရှိတွေနဲ့ ဌာနဆိုင်ရာ ရုံးတွေမှာတော့ ဆက်လက်အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၂၀ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လိုင်စင်မဲ့ယာဉ်တွေကို ဖော်ထုတ်အရေးယူဖို့ ညွှန်ကြားပြီးနောက် ဇွန် ၁ ရက်ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ စီမံချက်ချ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
သီရိ