
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ သံမဏိနဲ့ အလူမီနီယံ တင်သွင်းမှုတွေအပေါ် ကောက်ခံမယ့် အခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ၂ ဆ တိုးမြှင့်ရေး အမိန့်အတွက် လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒါဟာ မတ်လနောက်ပိုင်း ကားတွေကနေ စည်သွတ်ဘူးအထိ ထုတ်လုပ်ရာမှာ အရေးပါတဲ့ ကုန်ကြမ်းပစ္စည်းဖြစ်တဲ့ သတ္တုတွေကို ဒုတိယအကြိမ်မြောက် အခွန်တိုးကောက်မှု ဖြစ်လာခဲ့ပါတယ်။
ဇွန် ၄ ရက်မှာ စတင်အသက်ဝင်မယ့် အစီအမံတွေဟာ အမေရိကန် သံမဏိလုပ်ငန်းရဲ့ အနာဂတ်အပေါ် အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်တယ်ဆိုပြီး ထရမ့်ပ်က ပြောသွားပါတယ်။
ဒါပေမဲ့လည်း နောက်ဆက်တွဲအဖြစ် အမေရိကန်ပြင်ပမှာ ရှိနေတဲ့ သံမဏိထုတ်လုပ်သူတွေကို ကြီးကြီးမားမား ထိခိုက်စေနိုင်တဲ့အပြင် အသုံးပြုသူတွေအတွက်ပါ ကုန်ကျစရိတ်များတာမျိုး ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
ဒါပေမဲ့လည်း အမေရိကန်နဲ့ ကုန်သွယ်ရေးအရ ညှိနှိုင်းနေဆဲဖြစ်တဲ့ ဗြိတိန်နိုင်ငံကိုတော့ ခြွင်းချက်အနေနဲ့ ကင်းလွတ်ခွင့်ပေးခဲ့ပြီး အရင်နှုန်းထားဖြစ်တဲ့ ၂၅ ရာခိုင်နှုန်းမှာပဲ ဆက်ထားမယ့်အကြောင်း ထရမ့်ပ်က အတည်ပြုပါတယ်။
အခုလိုမျိုး အခွန်ထပ်မတိုးခင် နာရီပိုင်းအလိုမှာ တိုက်ရိုက်ထိခိုက်နိုင်တဲ့ ကုမ္ပဏီအများအပြားက ဒါကိုဆက်လုပ်မယ်လို့ မယုံကြည်ခဲ့ကြဘဲ ယာယီ ဒါမှမဟုတ် စေ့စပ်ညှိနှိုင်းရေး နည်းပရိယာယ်သာ ဖြစ်လာဖို့အတွက် မျှော်လင့်ခဲ့ကြတာပါ။
အမေရိကန်ဟာ ဥရောပသမဂ္ဂပြီးရင် ကမ္ဘာပေါ်မှာ သံမဏိတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး ကနေဒါ၊ ဘရာဇီး၊ မက္ကဆီကိုနဲ့ တောင်ကိုရီးယားဆီကနေ လိုအပ်တဲ့ သတ္တုအများစုကို ဝယ်ယူလေ့ရှိပါတယ်။
အဲဒီနောက် သံမဏိစက်ရုံတခုမှာ ပြုလုပ်ခဲ့တဲ့ လူထုစုဝေးပွဲအတွင်း ထရမ့်ပ်က “အမေရိကန် စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ တခြားရွေးချယ်စရာမရှိဘဲ ပြည်တွင်းထုတ်ကုန်တွေသာ ဝယ်ယူလာအောင် အလွန်မြင့်မားတဲ့ သွင်းကုန်ခွန်ကို ထားရှိလိုတယ်” ဆိုပြီး မှတ်ချက်ပြုပါတယ်။
“ဒါဟာ သင်တို့လုပ်ငန်းကို ဘယ်သူမှ ခိုးယူလို့ မရတော့ဘူးဆိုတဲ့ သဘောပါ။ ၂၅ ရာခိုင်နှုန်းဆိုရင် အဲဒီအတားအဆီးကို သူတို့ ကျော်လွှားနိုင်ပါတယ်။ ၅၀ ရာခိုင်နှုန်း ဆိုရင်တော့ သူတို့ ဒါကို ကျော်ဖြတ်မရတော့ပါဘူး” လို့လည်း ထရမ့်ပ်က ဖြည့်စွက်ပြောပါတယ်။
Independent Can ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ရစ်ခ် ဟျူသာ ကတော့ “မစ္စတာထရမ့်ပ်ကို အမြဲမေးခွန်းထုတ်စရာ ရှိလားဆိုရင် ဒါဟာ နည်းဗျူဟာတခုလား၊ ဒါမှမဟုတ် ရေရှည်အစီအစဉ် တခုပဲလား ဆိုတာပါပဲ” လို့ ပြောဆိုသွားပါတယ်။
Source: Reuters