
မန်ယူတောင်ပံကစားသမား ဆန်ချိုဟာ ချဲလ်ဆီးနဲ့ အပြီးသတ်ပြောင်းရွှေ့ဖို သဘောတူညီမှုမရခဲ့တဲ့ နောက် မန်ယူအသင်းနဲ့ ပြန်လည်ပူးပေါင်းသွားတော့မှာပါ။
အသက် ၂၅ နှစ်ရှိ အင်္ဂလန်တောင်ပံကစားသမားဟာ ချဲလ်ဆီးအသင်းဆီ တရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပြီး လန်ဒန်ကလပ်မှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမဲ့ အပြီးသတ် ပြောင်းရွှေ့ဖို့ ပျက်ပြယ်ခဲ့တာပါ။
ဆန်ချိုအတွက် ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိပေမဲ့ မခေါ်ယူခဲ့တဲ့ ချဲလ်ဆီးက လျော်ကြေးအဖြစ် မန်ယူအသင်းကို ပေါင် ၅ သန်းပေး ချေရမယ်လို့ သိရပါတယ်။
ဆန်ချိုဘက်ကတော့ ချဲလ်ဆီးအသင်းနဲ့ အတွေ့အကြုံကောင်းတွေအတွက် ကျေးဇူးတင်ရှိပြီး အသင်းပရိသတ်တွေ၊ ဝန်ထမ်းတွေနဲ့ အသင်းဖော်တွေ အားလုံးက မိမိအိမ်လိုဖြစ်အောင် နွေးထွေးဝန်းရံပေးခဲ့တဲ့အပေါ်မှာ ကျေးဇူးတင်ရှိကြောင်း ချဲလ်ဆီးပရိသတ်တွေကို နှုတ်ဆက်စာမှာ ထည့်သွင်းပြောထားပါတယ်။
ဆန်ချိုဟာ ချဲလ်ဆီးနဲ့အတူ ကွန်းဖရင့် လိဂ်ဆုဖလားရယူနိုင်ခဲ့သလို ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်လည်း ကူညီနိုင်ခဲ့ပါတယ်။