
ငလျင်နောက်ဆက်တွဲ လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး နေအိမ်တိုက်တာ အဆောက်အအုံ ရှင်းလင်းရေး၊ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့အတွက် တဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ် ၁ လ သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇွန် ၂ ရက်က ထုတ်ပြန်ပါတယ်။
မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် ပျက်စီးခဲ့တဲ့ အပျက်စီးတွေ၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ကိုင်ဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဧပြီနဲ့ မေလတို့မှာ ၂ လကြာ တစ်ဖတ်သတ် အပစ်ရပ်ကြောင်း ကြေညာခဲ့ပြီး၊ ဇွန်လမှာ နောက်ထပ် ၁ လ သက်တမ်းထပ်တိုးလိုက်တာပါ။
ငလျင်ကြောင့် ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းစဉ်တွေဟာ ၂ လကြာသည့်တိုင် အဆောက်အအုံ အပျက်အစီးတွေကို ရှင်းလင်းဖယ်ရှားတာ မပြီးစီးသေးတဲ့အပြင် မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အဆောက်အအုံတွေ ထပ်မံပြိုကျ ပျက်စီးမှုတွေ ရှိနေသေးတဲ့အတွက် ယာယီအပစ်ရပ်ကာလကို ဇွန် ၂ ရက်ကနေ ၃၀ ရက်အထိ ထပ်တိုးကြောင်း ကြေညာထားပါတယ်။
ထုတ်ပြန်ကြေညာလိုက်တဲ့ အချိန်ကစလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာတွေမှာ မိမိကိုယ်မိမိ ခုခံကာကွယ်တဲ့ တုံ့ပြန်မှုတွေကလွဲပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က စတင် ထိုးစစ်ဆင် တိုက်ခိုက်မှုမဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။