Home
မြန်မာသတင်း
အပစ်ရပ်ကာလ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကို AA ပြင်းထန်စွာရှုတ်ချ
DVB
·
May 15, 2025

ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ထိရောက်စွာပေးနိုင်ဖို့ တဖက်သတ် အပစ်ရပ်ကာလကို မေ ၃၁ ရက်အထိ တလတာ တိုးမြှင့်ထားချိန်မှာ စစ်ကောင်စီတပ်က အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်နေတဲ့အပေါ်  ပြင်းထန်စွာရှုတ်ချတယ်လို့ အာရက္ခတပ်တော် (AA) က မေ ၁၄ ရက်မှာ ထုတ်ပြန် ပြောပါတယ်။

မေ ၁၃ ရက် မနက် ၁၀ နာရီ ၅ မိနစ်မှာ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ယောက် သေဆုံးခဲ့ပြီး ၂၃ ယောက် ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၃၁ လုံး ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။

အလားတူ မေ ၁၄ ရက် ညနေ ၃ နာရီ ၅၁ မိနစ်မှာလည်း စစ်ကောင်စီတပ်က ကျောက်တော်မြို့က လူနေရပ်ကွက်တွေကို ဂျက်ဖိုက်တာတစီးနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၂ ယောက် သေဆုံးခဲ့ပြီး နေအိမ် ၉ လုံးလောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှု နောက်ဆက်တွဲ ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ မိဘပြည်သူလူထုတွေရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ ထပ်တူဝမ်းနည်းရပြီး အပြစ်မဲ့ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကာ စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ့ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကောင်းစွာ မှတ်တမ်းတင်ထားပါတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အင်အားပြင်းငလျင်ကို အကြောင်းပြပြီး စစ်ကောင်စီက မေ ၆ ရက်မှ မေ ၃၁ ရက်အထိ တတိယအကြိမ် အပစ်ရပ်စဲကြောင်း ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013