Home
နိုင်ငံတကာ
ဂါဇာကိုပို့မည့် ရိက္ခာလှေ အီတလီမှ ထွက်ခွာ၊ သက်တမ်းကုန်ရိက္ခာများ အီဂျစ် ဖယ်ရှား
DVB
·
June 2, 2025
Photo: REUTERS/Danilo Arnone

နိုင်ငံတကာ အန်ဂျီအိုတခုဖြစ်တဲ့ Freedom Flotilla Coalition (FFC) ရဲ့ နောက်ထပ် ဂါဇာ ရိက္ခာတင်လှေတစင်းဟာ ဇွန် ၁ ရက်က အီတလီနိုင်ငံ ကာတားနီးယား ဆိပ်ကမ်းကနေ ထပ်မံထွက်ခွာလာခဲ့ပါတယ်။

ပထမတကြိမ်တုန်းက ရွက်လွှင့်ခဲ့တဲ့ ‘Conscience’ အမည်ရတဲ့ လှေဟာ မြေထဲပင်လယ်  မော်လတာ ရေပိုင်နက်ပြင်ပမှာ ဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ခရီးစဉ်ပျက်ခဲ့တာ ဖြစ်ပါတယ်။

ဒီသင်္ဘောပေါ်မှာ နာမည်ကျော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူ ဂရက်တာ သန်းဘာ့ဂျ်ပါ လိုက်ပါသွားခဲ့ပါတယ်။

‘Madleen’ လို့ အမည်ပေးထားတဲ့ ရွက်လှေနဲ့ သယ်နိုင်တဲ့ ပမာဏဟာ အနည်းငယ်သာဖြစ်ပေမဲ့ သင်္ကေတသဘောဆောင်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

ဂါဇာက လူ့အခွင့်ရေးကို ကာကွယ်ဖို့အတွက် ရည်ရွယ်တယ်လို့ သန်းဘာ့ဂျ်က ပြောပါတယ်။ ဒီဖြစ်စဉ်အတွက် FFC က အစ္စရေးလက်ချက်လို့ စွပ်စွဲခဲ့ပေမဲ့ အစ္စရေးဘက်က မှတ်ချက်မပေးခဲ့ပါဘူး။

အခုခရီးစဉ်ဟာ ပရဟိတအလှူပွဲ မဟုတ်ဘဲ အစ္စရေးရဲ့ တရားမဝင် သိမ်းပိုက်မှုနဲ့ စစ်ရာဇဝတ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်တာကို အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်ရိုက်စိန်ခေါ်တာလို့ FFC အဖွဲ့က ထုတ်ပြန်ပါတယ်။

Game of Thrones စီးရီးနဲ့ နာမည်ကြီးတဲ့ အိုင်းရစ်သရုပ်ဆောင် လီယမ် ကန်နင်ဟမ်လည်း ဒီခရီးစဉ်မှာ လိုက်ပါလာပါတယ်။

ပို့တဲ့ပစ္စည်းတွေထဲမှာ အစ္စရေးက ဂါဇာကို ပေးမဝင်တဲ့ ချိုင်းထောက်၊ ကလေးနို့မှုန့်၊ အကိုက်အခဲပျောက်ဆေးနဲ့ ပဋိဇီဝဆေးတွေ ပါဝင်တယ်လို့ ကန်နင်ဟမ်က ပြောပါတယ်။

ဒီအတောအတွင်း ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းလူမျိုးတွေဆီ ပို့ဖို့ ရည်မှန်းထားတဲ့ သက်တမ်းကုန်နေတဲ့ ရိက္ခာအကူအညီတွေကို လွန်ခဲ့တဲ့ ၂ လအတွင်း အီဂျစ်အာဏာပိုင်တွေက ဖယ်ရှားခဲ့တယ်လို့ ဂါဇာနယ်စပ်နဲ့ နီးစပ်တဲ့ ဆိုင်းနိုင်းကျွန်းဆွယ်မြောက်ပိုင်းမြို့ အာရစ်ရှ်က အီဂျစ်အရာရှိတယောက်က ဇွန် ၁ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သက်တမ်းကုန်ဆုံးရက်စွဲတွေ တံဆိပ်နှိပ်ထားတဲ့ နို့ဘူးတွေကို တင်လာတဲ့ ကုန်ကားတစီးက ရိက္ခာအကူအညီတွေကို စွန့်ပစ်ဖို့ သတ်မှတ်ထားတဲ့ အမှိုက်ပုံကြီးတခုဆီ မောင်းသွားတာကိုလည်း တွေ့ရပါတယ်။

နှစ်လကြာ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် အစ္စရေးက လေကြောင်းနဲ့ မြေပြင်စစ်ဆင်ရေးကို မတ်လမှာ ပြန်စခဲ့တဲ့ အချိန်တည်းက ကုန်ကားတွေနဲ့ ကုန်လှောင်ရုံတွေထဲမှာ လချီ ကျန်ရစ်ခဲ့လို့ ရိက္ခာအကူအညီတွေ သက်တမ်းကုန်သွားခဲ့တာပါ။

စွန့်ပစ်ပစ္စည်း အရေအတွက် အတိအကျကို မဖော်ပြထားပေမဲ့ ကယ်ဆယ်ရေးထရပ်ကား အစီး ၄၀ နီးပါးကို လွန်ခဲ့တဲ့ ၂ လလောက်က စွန့်ပစ်ခဲ့ရတယ်လို့ အာရစ်ချ် ထောက်ပံ့ရေးညွှန်ကြားမှု ဦးစီးဌာန အကြီးအကဲ နာဘီလ် အယ်လ် ဂါဇယ်က ပြောပါတယ်။

အစ္စရေးက ဟားမတ်စ်တွေ ပျော့ပျောင်းစေရေး ကြိုးပမ်းတဲ့အနေနဲ့ မတ်လအစပိုင်းမှာ နယ်မြေအထဲကို ဝင်လာတဲ့ ထောက်ပံ့ရေးအားလုံးကို ပိတ်ဆို့ထားခဲ့တာပါ။

ဂါဇာကမ်းမြောင်ဒေသက မုန့်ဖုတ်ဆိုင်တွေဆီ ဂျုံမှုန့်တွေတင်လာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ထရပ်ကား ဒါဇင်ပေါင်းများစွာကို လက်နက်ကိုင်အဖွဲ့တွေက ပြန်ပေးဆွဲခဲ့ပါတယ်။

သီတင်းပတ်အများကြီး ငတ်မွတ်နေပြီးနောက် အစာစားချင်စိတ် ပြင်းပြနေသူတွေက လုယက်သွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက မေ ၃၁ ရက်မှာ ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ လွန်ခဲ့တဲ့ ၁၉ လ စစ်ပွဲစတင်ချိန်ကစပြီး အဆိုးရွားဆုံးအခြေအနေ ရောက်နေတယ်လို့ ကုလသမဂ္ဂက မေ ၃၀ ရက်မှာ ပြောပါတယ်။ ပြည်သူတရပ်လုံး အငတ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

အစ္စရေးက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နဲ့ တခြား နိုင်ငံတကာအဖွဲ့တွေက မုန့်ညက်တွေကို ဂါဇာက မုန့်ဖုတ်ဆိုင်တွေဆီပို့ဖို့ ကုန်ကားတွေကို အကန့်အသတ်နဲ့ ခွင့်ပြုပေးခဲ့ပေမဲ့ လုယက်မှုအကြိမ်ကြိမ်ဖြစ်ခဲ့လို့ ပို့ဆောင်မှုအတွက် အဟန့်အတား ဖြစ်ခဲ့ပါတယ်။

ဟားမတ်စ်က အရပ်သားတွေအတွက် ရည်ရွယ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ခိုးယူပြီး ၂၀၀၇ ခုနှစ်ကတည်းက ကြီးကြပ်နေတဲ့ ဂါဇာကမ်းမြောင်ကို သိမ်းဖို့ အဲဒီ အထောက်အပံ့တွေကို သုံးခဲ့တယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပါတယ်။

ဟားမတ်စ်က ထောက်ပံ့ပစ္စည်းတွေကို မလုယက်ခဲ့ဘူးလို့ ငြင်းရင်း လုယက်သူလို့ သံသယရှိသူ အများအပြားကို ကွပ်မျက်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013