
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း၊ မိုင်တိုင် ၁၄ မိုင်၊ ၃ ဖာလုံ နဲ့ ၄ ဖာလုံ ကြားမှာ ဇွန် ၂ ရက် မနက်အစောပိုင်း ၃ နာရီခွဲလောက်က ခရီးသည်တင်ယာဉ် တစီး တိမ်းမှောက်ခဲ့ရာ လူ ၆ ယောက် သေဆုံးခဲ့ပြီး ၁၁ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
အဲ့ဒီယာဉ်တိမ်းမှောက်မှုကြောင့် အသက် ၄ နှစ်ဝန်းကျင် ကလေးငယ် ၁ ယောက်အပါအဝင် ၆ ယောက် သေဆုံးခဲ့ပြီး ၁၁ ယောက်ထက်မနည်းထိခိုက် ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်က “ကားက ညာအကွေ့ကွေ့ရင်း အရှိန်မထိန်းနိုင်ဖြစ်ပြီး ဘယ်ဘက်ကို စောင်းသွားပြီး တိမ်းမှောက်တဲ့ပုံစံပါ။ ထိခိုက်ဒဏ်ရာရရှိတဲ့ အထဲမှာ ၄ ယောက်က နည်းနည်း ပြင်းထန်တယ်” လို့ ပြောပါတယ်။
ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ကြက်ခြေနီသူနာတင်ယာဉ်၊ ပြည်သာယာ (တောင်) လူမှုကူညီရေးအသင်းက သူနာတင်ယာဉ်တွေနဲ့ မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
မျက်မြင်တွေ့ရှိသူတယောက်က “ရန်ကုန်ဘက်ကနေ မောင်းလာတဲ့ ကားလို့ သိရတယ်။ သေဆုံးတာ ၆ ယောက်ဆိုတာ ဟုတ်တယ်။ အမြင် ဆိုးဆိုးဝါးဝါး ပုံစံနဲ့သေတာ ၂ ယောက်ပါ။ သေဆုံးသူတွေထဲ မိန်းကလေးတွေ များတာ” လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားတဲ့ နေရာကို မိတ္ထီလာခရိုင် မီးသတ်စခန်းက Rescue & Towing ပိုလန် ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သူနာတင်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၆ ရက်ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မြင်းခြံ- ရန်ကုန် ခရီးသည်တင်ယာဉ် ၁ စီးဟာ ချောင်းရေလျှံနေတဲ့ ဆင်တဲဝချောင်းထဲ ဖြတ်သန်းရင်း မျောပါသွားခဲ့ပြီး ပြည်သူတွေ စုပေါင်းကယ်ကြလို့ ကားပေါ်ပါသူတွေ အသေအပျောက်မရှိခဲ့တာလို့ သိရပါတယ်။