
စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် စာသင်ကျောင်းဝင်းတွင်း ယာယီတဲထိုးနေရတဲ့ အင်အားပြင်းငလျင်ဒဏ်သင့် နေပြည်တော်က ဝန်ထမ်းတွေကို ပြန်လည်ဖယ်ရှားဖို့ စစ်ကောင်စီလက်အောက်ခံပညာရေးဌာနက ညွှန်ကြားထားတယ်လို့ ဌာန ဆိုင်ရာဝန်ထမ်းတွေဆီက သိရပါတယ်။
ငလျင်ဒဏ်သင့် ဝန်ထမ်းတွေ နေထိုင်ဖို့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်မှာရှိတဲ့ အထက်တန်းကျောင်း ၉ ကျောင်း၊ ဘောလုံးကွင်းနဲ့ ဓနသိဒ္ဓိရပ်ကွက်မှာရှိတဲ့ အထက်တန်းကျောင်း ၇ ကျောင်းနဲ့ ဘောလုံးကွင်းတွေမှာ စစ်ကောင်စီက ယာယီတဲအလုံး ၇၀ ကျော်ထိုးပြီး နေထိုင်ခွင့် စီစဉ်ပေးခဲ့တာလို့ သိရပါတယ်။
နေပြည်တော် ဝန်ထမ်းတယောက်က “စာသင်ကျောင်းတွေကို ပြန်ဖွင့်တော့မှာဖြစ်တာကြောင့် ယာယီတဲတွေကို အားချင်းဖယ်ရှားခိုင်းတာ။ အမြင်မတော်လို့ဆိုပြီး ပညာရေးဌာနက ယာယီတဲတွေကို ပြန်ဖယ်ခိုင်းတာပဲ။ တော်တော်ဒုက္ခရောက်နေတယ်” လို့ ပြောပါတယ်။
ငလျင်ဒဏ်သင့် ဒေသတွေအပါအဝင် အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့အတွက် မေ ၂၃ ရက်မှာ ကျောင်းအပ်စတင်လက်ခံခဲ့ပြီး ဇွန် ၂ ရက်မှာ ကျောင်းတွေ စတင်ဖွင့်လှစ်သင်ကြားသွားမယ်လို့ သိရပါတယ်။
နေပြည်တော်က ပညာရေးဝန်ထမ်း တယောက်က “ငလျင်ဒဏ်ကြောင့် ယာယီတဲထိုးနေနေရတဲ့ ပညာရေးဌာနက ဝန်ထမ်းတွေကို ကျောင်းအဆောင်တခုကို ယာယီစုပေါင်း ရွှေ့ပြောင်းခိုင်းထားတယ်။ တခြားဝန်ကြီးဌာနက လာနေတဲ့ ဝန်ထမ်းတွေကိုတော့ သူတို့မိခင်ဌာနဆီ ပြန်သွားခိုင်းတယ်။ အခု နေရေး ထိုင်ရေးအတွက် နည်းနည်းတော့ရှုပ်နေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော် ဝန်ထမ်းအိမ်ရာ တိုက်တန်းတွေ ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ပြီး အချိန် ၂ လ ကျော်လာတဲ့အထိ ဝန်ထမ်းတွေဟာ နေထိုင်စရာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။