Home
မြန်မာသတင်း
နေပြည်တော်တွင် ကျပ်သန်း ၆,၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ
DVB
·
May 31, 2025
Photo : CCDAC Myanmar

နေပြည်တော်မှာ ငွေကျပ် သန်း ၆,၃၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုအဖွဲ့က မေ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပူးပေါင်းအဖွဲ့ဟာ လယ်ဝေးမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု၊ ရေနီလေးတံတားနားမှာ သတင်းအရစောင့်နေတုန်း မေ ၂၀ ရက်နေ့ ည ၁၁ နာရီအချိန် အောင်နန်းချိုကျေးရွာဘက်ကနေ ပျဉ်းမနားမြို့ဘက်ကို ဇင်မျိုးထက်အောင်(ခ)ကုလားလေး မောင်းနှင်ပြီး မင်းခန့်ကျော် နဲ့ မြတ်စိုးဦး(ခ)စူပါတို့ လိုက်ပါလာတဲ့ FUSO ၁၂ ဘီး ကား၊ သူရိန်ကိုကို မောင်းနှင်ပြီး ကျော်မျိုးလှိုင်(ခ)ကျော်ကြီး၊ နေဦးရှိန်တို့ လိုက်ပါလာတဲ့ Chevrolet ကားတို့ကို စစ်ဆေးရာမှာ ဒေသတန်ဖိုးငွေကျပ် သန်း ၆,၃၅၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၉၉၄ သိန်း၊ ပလပ်စတစ်ဆပ်ပြာခွက် ၁၃,၄၂၀ ခွက်ထဲက ဘိန်းဖြူအလေးချိန် ၁၃၄ ဒသမ ၂ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အဲဒီမူးယစ်ဆေးဝါးတွေကို လယ်ဝေးမြို့နယ်၊ အောင်နန်းချိုရွာနားမှာ လွှဲပြောင်းပေးခဲ့သူ သက်ထူးမောင်ကို မေ ၂၁ ရက်နေ့မနက်ပိုင်းက ပျဉ်းမနားမြို့၊ ပန်းခင်းလမ်းရှိဟိုတယ်မှာ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ကနေ မန္တလေးတိုင်းကို သယ်ဆောင်ခိုင်းသူတွေဟာ ဖယ်ခုံမြို့နေ ပေါလု(ခ)ပေါလူချမ်းနဲ့ စိုးလွင် တို့ဖြစ်ပြီး တာဝန်ခံ သယ်ဆောင်သူကတော့ ရမည်းသင်းမြို့နယ်နေ သိန်းစံထွန်း(ခ)ကုလားလေး ဖြစ်တာကို သိရလို့ ဥပဒေအရအရေးယူထားသသလို ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်နေပြီး သူတို့ရဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာကနေရတဲ့ ငွေကြေးအကျိုးအမြတ်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူနိုင်ရေးဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013