Home
မြန်မာသတင်း
ဧရာဝတီတိုင်းမြို့နယ်အချို့တွင် အင်တာနက်လိုင်းပြတ်ပြီး ငွေလွှဲ၊ ငွေထုတ် အခက်အခဲဖြစ်
DVB
·
May 31, 2025
Photo : NN

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ အင်တာနက်လိုင်းတွေ မကြာခဏ ပြတ်တောက်နေတာကြောင့် ငွေလွှဲ၊ ငွေထုတ်ရာမှာ အခက်အခဲကြုံနေကြတယ်လို့ ဒေသခံတွေနဲ့ ငွေလွှဲလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းထဲ တိုက်ပွဲဖြစ်နေတဲ့ သာပေါင်း၊ ရေကြည်၊ ကျုံပျော်၊ လေးမျက်နှာမြို့နယ်နဲ့ ဟင်္သာတ၊ ကြံခင်း၊ မြန်အောင်၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း စတဲ့မြို့နယ်တို့မှာ မေ ၇ ရက်ကစပြီး အင်တာနက်လိုင်းတွေ မကြာခဏပြတ်တောက်နေတာလို့ ဆိုပါတယ်။

လေးမျက်နှာမြို့နယ်က ငွေလွှဲလုပ်ငန်းရှင်တယောက်က “KPay တွေ Wave Money တွေ ငွေလွှဲ၊ ငွေထုတ်လုပ်ရတာက အင်တာနက်ကို အားထားလုပ်ရတာ။ အင်တာနက်လိုင်းက စုတ်ပြတ်နေတာ။ မိုဘိုင်းဒေတာလည်းမရသလို ဝိုင်ဖိုင်လည်းမရဘူး။ တိုက်ပွဲဖြစ်တာနဲ့ လိုင်းကပြတ်တော့တာ။ တခါတခါ ငွေလွှဲရဖို့ မိနစ် ၃၀ ကနေ ၁ နာရီအထိ စောင့်ရတာ။ မရတချက် ရတချက်ကို။ အခုတော့ လုံးဝလိုင်းမရတဲ့ နေ့တွေများလာတယ်” လို့ ပြောပါတယ်။

အင်တာနက်လိုင်းတွေပြတ်တောက်လာတာကြောင့် ကုတ်နံပါတ်နဲ့ငွေလွှဲသူတွေ SMS မကျတာ၊ ငွေအထွက်ပြပေမဲ့ တဘက်ကို ငွေမရောက်တာ စတဲ့ အခက်အခဲတွေ ကြုံကြရတယ်လို့ သိရပါတယ်။

ငါးသိုင်းချောင်း ဒေသခံတယောက်က “ငွေ ၅ သောင်းထုတ်ရဖို့ ၆ ရက်စောင့်ရတယ်။ တဘက်က ငွေဝင်ထားတာကြာပြီ။ အင်တာနက်မရတဲ့ ပြဿနာကြောင့်။ အခု ငွေလွှဲဆိုင်တွေက အင်တာနက်မရတော့ အလွှဲအထုတ်လုပ်ငန်းတွေ သိပ်မလုပ်တော့ဘူး။ ကိုယ့်ငွေရှိတာတောင် စိတ်တိုင်းချထုတ်ခွင့်၊ သုံးခွင့်မရဘူး။ မနေ့ ၂၉ ရက်က မနက်ပိုင်းစောစော ၈ နာရီ လောက်အထိ ရသေးတယ်၊ ညနေပိုင်းမရတော့ဘူး” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ အင်တာနက်မရတာကြောင့် ငွေလွှဲ၊ ငွေထုတ် လုပ်ငန်းလုပ်ပေးတဲ့ ဆိုင်တွေပါ ပိတ်သိမ်းလာပြီး ငွေထုတ်ချင်တဲ့သူတွေဟာ အင်တာနက်လိုင်းရတဲ့ မြို့ပေါ်တွေကို သွားထုတ်ရတာကြောင့် ငွေထုတ်ခ ရာခိုင်းနှုန်းကြေးပေးရတဲ့အပြင် ဆိုင်ကယ် ကယ်ရီခကို ခရီးအတိုအရှည်အပေါ်မူတည်ပြီး ကျပ် ၅,၀၀၀ ကနေ ၁၅,၀၀၀ အထိ ပေးနေရတယ်လို့ ဆိုပါတယ်။

အင်တာနက်လိုင်းမရတာအပြင် လေးမျက်နှာနဲ့ ရေကြည်မြို့နယ်က ကျေးရွာတွေမှာ ဖုန်းလိုင်းတွေပါ မကြာခဏပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013