Home
နိုင်ငံတကာ
ရုရှားက ဘောလ်တစ်ပင်လယ်၌ အင်အားထောင်ချီဖြင့် စစ်ရေးလေ့ကျင့်
DVB
·
May 28, 2025
Photo: RUSSIAN DEFENCE MINISTRY

ရုရှားနိုင်ငံဟာ ဘောလ်တစ်ပင်လယ်မှာ စစ်သင်္ဘောအစင်း ၂၀၊ လေယာဉ်နဲ့ ရဟတ်ယာဉ် ၂၅ စင်း၊ တပ်ဖွဲ့ဝင် ၃,၀၀၀ နဲ့ လေကြောင်းအထောက်အပံ့တွေပါတဲ့ အဓိက ရေတပ်စစ်ရေးလေ့ကျင့်မှုကို စတင်လေ့ကျင့်ခဲ့တယ်လို့ ရုရှားရဲ့ ဘောလ်တစ်ရေတပ်ကို ကိုးကားပြီး အင်တာဖက်စ် သတင်းဌာနက မေ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံရဲ့ ဘောလ်တစ်ရေတပ်က စီစဉ်ထားတဲ့ လေ့ကျင့်မှုကို စတင်ခဲ့တာလို့ ရုရှားစစ်တပ်က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

စစ်သင်္ဘောတွေ၊ လှေတွေနဲ့ ထောက်ပံ့ရေးရေယာဉ် အစီး ၂၀ ကျော် ပါဝင်လေ့ကျင့်ဖို့ စီစဉ်ထားပြီး ဖရီးဂိတ် စစ်သင်္ဘောတွေ၊ ကော်ဗက် အငယ်စား စစ်သင်္ဘောတွေ၊ မိုင်းရှင်းသမားတွေ၊ ဒုံးကျည်အငယ်စားတွေနဲ့ ရေငုပ်သင်္ဘောတွေ၊ ဖျက်သင်္ဘောတွေ ပါတယ်လို့ ရုရှားစစ်တပ်က ဘောလ်တစ်ရေတပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားမီဒီယာ အင်တာဖက်စ်ကို မေ ၂၇ ရက်က ပြောခဲ့ပါတယ်။

စီစဉ်ထားပြီးသားလို့ ဖော်ပြထားတဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဘောလ်တစ်ရေတပ်အတွက် အကန့်အသတ် မရှိပါဘူး။ ရုရှားရဲ့ မြောက်ပိုင်းရေတပ်၊ အာကာသတပ်ဖွဲ့တွေ၊ မော်စကိုနဲ့ လီနင်ဂရက် စစ်ဘက်ခရိုင်တွေက တပ်ဖွဲ့ဝင်တွေလည်း ပါဝင် လေ့ကျင့်နေပါတယ်။ ဘောလ်တစ်ဒေသမှာ ကောင်းမွန်တဲ့ စစ်ဆင်ရေးစနစ်တရပ်ကို ထိန်းသိမ်းဖို့နဲ့ ရေတပ်အခြေစိုက် စခန်းတွေကို ကာကွယ်ရေး လေ့ကျင့်ဖို့ ရည်ရွယ်ထားတယ်လို့ ဘောလ်တစ်ရေတပ်က ဆိုပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း ရေတပ်သားတွေဟာ ရေငုပ်သင်္ဘော နှိမ်နင်းရေး စစ်ဆင်ရေး တာဝန်တွေကို ထမ်းဆောင်ကြမှာဖြစ်ပြီး မောင်းသူမဲ့ သင်္ဘောတွေကို တန်ပြန်ဖို့ လေ့ကျင့်မှာပါ။

ပင်လယ်ရေကြောင်းနဲ့ လေကြောင်း ခြိမ်းခြောက်မှု နှစ်မျိုးလုံးကို ပစ်မှတ်ထားပြီး တိုက်ရိုက် ပစ်ခတ်လေ့ကျင့်မှာလည်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်းကြာချိန်ကိုတော့ ထုတ်မပြောထားပါဘူး။

အစောပိုင်းမှာ ရုရှားစစ်တပ်က ဖင်လန်ပင်လယ်ကွေ့ကိုဖြတ်ပြီး အသွင်ယူ မှောင်ခို ရေနံတင်သင်္ဘောတွေကို စောင့်ကြပ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဖင်လန် ကာကွယ်ရေးဝန်ကြီး အန်းတီ ဟက်ကင်နန်က “ဖင်လန်ပင်လယ်ကွေ့ရဲ့ ကျဉ်းမြောင်းတဲ့ လမ်းကြောင်းမှာ ရုရှားက သူ့ရဲ့ အသွင်ယူ မှောင်ခို ရေနံတင်သင်္ဘောတွေကို ကာကွယ်နေပြီး စစ်ရေးအရ အစောင့်အကြပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိနေတာကို သတိပြုပါ။ ဒါက လုံးဝ အသစ်အဆန်းပါပဲ” လို့ ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013