Home
မြန်မာသတင်း
လုံးခင်းကျေးရွာထဲ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး ပြည်သူအချို့ကို ရိုက်နှက်ဖမ်းဆီး
DVB
·
May 28, 2025

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာထဲ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီး ပြည်သူတချို့ကို ရိုက်နှက်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လယ်ပြင်ယမ်းချက်စက်ရုံကနေ လုံးခင်းဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို လုံးခင်းအနီး နှစ်မျက်နှာဘုရားပတ်ဝန်းကျင်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေတဲ့ကြားကနေ လုံးခင်း မျောက်ကုန်းဘက်ခြမ်းက သံတံတားလမ်းဟောင်းဘက်ကနေ မြို့ထဲ ဝင်ရောက်လာတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“လုံးခင်းသံတံတား လမ်းအဟောင်းဘက်ခြမ်းက ဝင်လာတာ။ မြို့ထဲ ရောက်နေကြတယ်။ လမ်းပေါ်က ပြည်သူတချို့ ဖမ်းဆီးရိုက်နှက်တာတွေ လုပ်တယ်။ ၂ ယောက် ဖမ်းသွားတယ်လို့ သိရတယ်။ လမ်းပေါ်က ပြည်သူတွေကိုလည်း ပစ်ခတ်တာတွေ လုပ်လို့ ဒဏ်ရာရသူတွေလည်း ရှိတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တချို့ ဖားကန့် တပ်မကုန်းဘက်ကို ဦးတည်လာတဲ့ သဘော။”

ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၆၀၀ ပါ စစ်ကောင်စီစစ်ကြောင်းကနေ အင်အားတချို့ လယ်ပြင်ယမ်းချက်စက်ရုံကို အင်အားလာရောက်ပူးပေါင်းခဲ့ပြီးနောက် မေ ၂၈ ရက်နေ့ မနက်မှာ လုံးခင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် လုံးခင်းမြို့အနီး နှစ်မျက်နှာဘုရားတစ်ဝှိုက်မှာ KIA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

မေ ၂၈ ရက်နေ့ နေ့လယ် ၁၂နာရီခွဲလောက်ကလည်း စစ်ကောင်စီတပ် လက်နက်ကြီးဆက်တိုက် ရမ်းသန်းပစ်ခတ်နေတဲ့အတွက် လက်နက်ကြီးကျမှန်ပေါက်ကွဲပြီး လုံးခင်းကျေးရွာအဝင် လယ်ပြင်တံတားအပါအဝင် နေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ပြီး အရပ်သားထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က တံတားညီနောင်ကျေးရွာအထိ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လုံးခင်းကျေးရွာအုပ်စုက စစ်ကောင်စီရဲ့ ယမ်းချက်စက်ရုံအထိ ဆက်လက်ရောက်ရှိလာတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013