Home
မြန်မာသတင်း
လုံးခင်းယမ်းချက်စက်ရုံနှင့် မစွတ်ယန်အကျဥ်းထောင်အတွင်း စစ်တပ်က အင်အားအလုံးအရင်း ဝင်ရောက်
DVB
·
May 28, 2025

ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ လုံးခင်းအနီးက ယမ်းချက်စက်ရုံနဲ့ မစွတ်ယန် အကျဥ်းထောင်ထဲကို စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ မေ ၂၇ ရက် မနက်ပိုင်းကစပြီး ဝင်ရောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး မစွတ်ယန် အကျဥ်းထောင်နဲ့ ယမ်းချက်စက်ရုံတွေကို အင်အားဖြည့်ဖို့ ဝင်ရောက်လာတာလို့ ဆိုပါတယ်။

လုံးခင်းဒေသခံတယောက်က “မနက်တည်းက မစွတ်ယန်အကျဥ်းထောင်ဘက်ကို ကား ၆ စီး ဝင်တယ်။ ညနေလည်း ထပ်ဝင်နေတာ။ လုံးခင်း ယမ်းချက်စက်ရုံကိုလာဖို့ သူတို့က တောက်လျှောက်တိုးရင်း တိုက်ပွဲဖြစ်လာကြတာ။ လေယာဥ်ပစ်ကူပါတော့ တော်လှန်ရေးတပ်တွေဘက်ကလည်း သေချာမတားနိုင်ဘဲ အခု လုံးခင်း ယမ်းချက်ထဲ ရောက်ခဲ့တာ။ အဲဒီကနေ ဖားကန့်ဗျူဟာကုန်း ထပ်လာပြီး ဆိုင်းတောင်တို့ ဝှေခါတို့ပဲ ပြန်ယူမလား၊ ဒါမှမဟုတ် KIA ရင်း ၆ တို့ တပ်မဟာ ၉ တို့ကိုပဲ ဝင်တိုက်မလား မသိဘူး” လို့ ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ အင်အားဖြည့်တင်းမှုကြောင့် မေ ၂၇ ရက် ည ၇ နာရီဝန်းကျင်မှာ လုံးခင်း လယ်ပြင်ဒေသခံတွေကို KIA ဘက်က ညတွင်းချင်းရွှေ့ကြဖို့ ပြောဆိုတာကြောင့် ဒေသခံတွေ ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။

ဖားကန့် ဒေသခံက “နမ့်မဖြစ် ဖားကန့်ဘက် ရွှေ့ကြတယ်။ ဝိုင်းထဲကတော့ အစတည်းက ကျီးလန့်စာစား လုပ်နေရတော့ တခုခုဆို တယောက်ပြောသံကြားတောင် လန့်လန့်ပြေးနေတာ။ လေးငါးယောက်လောက် စုမြင်မိရင်ကို လန့်နေရတာ။ မေးလည်း မမေးရဲလေ။ ကြည့်တောင် မကြည့်ရဲဘူး။ ဘယ်သူ့အဖေခေါ်ရမလဲဆိုပြီး နေရတာ” လို့ ဆက်ပြောပါတယ်။

ဖားကန့်မြို့နယ် မမုံဒေသခံတယောက်ကလည်း လယ်ပြင်တဖက်ခြမ်းက ယမ်းချက်စက်ရုံကို စစ်ကောင်စီတပ်သား အင်အား ၁၀၀ ဝန်းကျင်လောက် ရောက်လာတယ်လို့ ပြောပါတယ်။

“ကျနော်တို့ကြားတာက အနီးအနားက ရွာတွေကို ဖယ်ဖို့ ပြောနေတယ် ကြားတယ်။ ပြည်သူကတော့ ကြောက်နေတာပေါ့ဗျာ။ ယမ်းချက်စက်ရုံဆိုတာ မိုးကောင်းကလာရင် လယ်ပြင်မရောက်ခင်ဘဲ။ အရင်ကတည်းက စစ်ကောင်စီ ထိုင်တာ။ လုပ်ကွက်တွေအတွက် ယမ်းချက်တဲ့နေရာ။ ယမ်းချက်နဲ့ ဖားကန့်က ကားနဲ့ဆို တနာရီပေါ့။”

လက်ရှိမှာတော့ လုံးခင်းဒေသအနီးက ရွာတွေဖြစ်တဲ့ နန့်စမ်း၊ ဖန်ခါး၊ ဆောင်လယ်ပြင်၊ သုံးရာဂိတ်၊ ငြိမ်းချမ်းသာယာ၊ အောက်ဂျိုင့် စတဲ့ရွာတွေက ဒေသခံတွေ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၃ ရက်ကစပြီး အင်အား ၅၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ကားမိုင်းမြို့ကနေ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဖားကန့်-ကားမိုင်း လမ်းတလျှောက်က KIA တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနေရာကနေ ဆက်တိုးလာလို့ ဖားကန့်မြို့နဲ့ ၁၀ မိုင်ကျော်အကွာ နမ့်တိန်းရွာမှာ တိုက်ပွဲဆက်ဖြစ်ကြပြီး လုံးခင်းရွာမှာလည်း မေ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့ပတ်လည်က စခန်းတချို့ကို သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဖားကန့်မြို့အဝင်က လယ်ပြင်စခန်း၊ မစွတ်ယန်ထောင်၊ ကံဆီးဗျူဟာကုန်း၊ ကန်းခေါင်၊ လုံးခင်းမျောက်ကုန်း၊ ဖားကန့်တပ်မကုန်းနဲ့ ဖားကန့်ရဲစခန်းတွေကိုတော့ စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013