Home
မြန်မာသတင်း
သေ့ဘောဘိုးစခန်းကို KNU ဦးဆောင်သည့် တပ်ပေါင်းစုများ တိုက်ခိုက်  
DVB
·
May 28, 2025
၂၀၂၂ ခုနှစ် မေ ၁၈ ရက်က သေ့ဘော့ဘိုးကျေးရွာအနီးရှိ စစ်ကောင်စီရဲ့တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၆ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်မျိုးစုံ ၁၂ လက်နဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့စဉ်။

ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ  စစ်ကောင်စီတပ်ရဲ့ သေ့ဘောဘိုးစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ တပ်ပေါင်းစုတွေက မေ ၂၆ ရက် ညနေ ၅  နာရီလောက်က စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန် နေတယ်လို့ ရှေ့တန်းသတင်း ရင်းမြစ်က ပြောပါတယ်။

ရှေ့တန်းသတင်းရင်းမြစ်တယောက်က “အခုသေ့ဘောဘိုးမှာ အခုလက်ကုန် ဆွဲ(တိုက်)တာပဲ။ ပြီးတော့ ဒရုန်းလည်း ဆွဲတာပဲ။ သေ့ဘောဘိုးစခန်းက လက်နက်ကြီးလည်း ထု(ပစ်) သလားမပြောနဲ့။ အခုတော့ အကြီးအကျယ်ပဲ။ အခု လက်ကုန်ဆွဲနေတယ် သေ့ဘောဘိုးစခန်းနော်။ နှစ်ဖွဲ့ ဆွဲနေတယ်။ လမ်းမှာ ဆုံဆည်းမြိုင်မှာ ရန်သူတွေ အယောက် ၁၀၀ ယောက်တယ်ဆိုတော့ ကျနော်ထင်တာ သူတို့ စစ်ကူလိုက်တာဖြစ်မယ်။ အဲဒီမှာ နှစ်ဖွဲ့ဖြစ်သွားတယ်”လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းကို စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကနေ လက်နက်ကြီး ပစ်ကူပေးနေတာကြောင့် ဆုံဆည်းမြိုင်၊ ဥကရစ်ထ၊ တောင်နီ၊ သေ့ဘောဘိုး၊ ဝါးမီးထကျေးရွာက ဒေသခံ ၂၀၀၀ လောက်ဟာ ထိုင်းနယ်စပ်၊ သောင်းရင်းမြစ်ကမ်းတလျှောက်နဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။

ရပ်မိရပ်ဖတယောက်က “အခုလက်နက်ကြီးသံတွေကြားတယ်။ လက်နက်ကလေးက မကြားဘူး။ ဒီဘက်က ဒရုန်းနဲ့ ချတယ်။ ဟိုဘက်က လက်နက်ကြီးနဲ့ တချက်တချက်လှမ်းထုတယ်။  သေ့ဘောဘိုးလည်း ဖြစ်နေတာပဲ အခု ဝေါလေကနေ ထု(ပစ်)နေတယ်။ ဆုံဆည်းမြိုင်မှာကျနေတယ်။  ဒေသခံတွေက ဟိုပြောင်းဒီပြောင်း ပြောင်းကုန်ပြီ။ ထိုင်းဘက်ကမ်းမှာ တချို့။ ချောင်းကမ်းနားမှာ တချို့။ အကုန်လုံးဒုက္ခရောက်တယ်။ သမီးတွေ တောင်ယာစိုက်နေရင်းတန်းလန်နဲ့ အကုန်လုံးပြန်လာရတယ်”လို့ ပြောပါတယ်။

မေ ၂၇ ရက် မနေ့ ညနေ ၃ နာရီလောက်က စစ်ကောင်စီတပ်က ဝေါလေဘက်ကနေ စစ်ကြောင်းထိုးလာတာကြောင့် ဆုံဆည်းမြိုင်ကျေးရွာ DKBA ဌာနချုပ်စခန်းအနီးမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။

မေ ၂၃ ရက်  ညနေ ၅ နာရီက  စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကိုပါ သိမ်းယူနိုင်ခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင် အရှေ့ခြမ်း ထိုင်းနယ်စပ်တလျှောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲက ပူးလူတူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူး၊ တာလယ်ဗျူဟာ၊ မယ်လ၊ မော်ဖိုးကေစခန်းတွေကို KNU တပ်မဟာ (၇)  လက်အောက်ခံ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တယ်လို့ သိရပါတယ်။ 

 အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013