Home
မြန်မာသတင်း
KNU ထိပ်တန်းအကြံပေး ဗိုလ်မှူးကြီး စောထူးထူးလေး ကွယ်လွန်
DVB
·
May 19, 2025

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုရဲ့ နိုင်ငံရေး၊ စစ်ရေး အကြံပေးပုဂ္ဂိုလ်နဲ့ အထွေထွေအတွင်းရေးမှူး (၁) ဟောင်း ဗိုလ်မှူးကြီး စောထူးထူးလေး (အသက် ၇၈ နှစ်) ဟာ မေ ၁၇ ရက်ည ၁၀ နာရီ ၂၀ မိနစ်မှာ ကင်ဆာရောဂါနဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကွယ်လွန်သွားပါတယ်။

စောထူးထူးလေးရဲ့ ကြွင်းကျန်ရစ်တဲ့  ရုပ်ကလာပ်ကို မဲဆောက်မြို့ ခရစ်ယာန်ဘုရားကျောင်း အမှတ် ၂ မှာ ထားရှိပြီး လာမယ့် မေ ၂၀ ရက်မှာ  မဲ့ကဆာ ခရစ်ယာန်သုသာန်ကို ပို့ဆောင် သင်္ဂြိုဟ်မယ်လို့ မိသားစုဝင် တယောက်က ပြောပါတယ်။

စောထူးထူးလေးဟာ ကရင်အမျိုးသားအစည်းအရုံးမှာ လူငယ်ဘဝကတည်းက တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ကွယ်လွန်ချိန်အထိ  နိုင်ငံရေး၊ စစ်ရေး အဆင့်မြင့် တာဝန်တွေ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်မှာ KNU ထိန်းချုပ်ရာ တပ်မဟာ (၆) သို့ ရောက်ရှိလာပြီး ဗိုလ်မှူးကြီးမာဘယ်လ်ရဲ့ အကြံပြုချက်နဲ့ ကော့မူးရာ အခြေစိုက် အမှတ် (၁၀၁) တပ်ရင်းမှာ တပ်သားအဖြစ် စတင် စာရင်းသွင်းခဲ့ပါတယ်။

၁၉၇၉ ခုနှစ် ဇွန်လမှာ ဗိုလ်ကြီးစောတောနဲ့အတူ KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြထံ သွားရောက် တွေ့ဆုံခဲ့ပြီးနောက် မာနယ်ပလောမှာ KNLA စစ်သင်တန်း ၂ လ တက်ရောက်ခဲ့ပါတယ်။

၁၉၈၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ စစ်မှုရေးရာဌာနမှာ ဒုဗိုလ်အဖြစ်  ခန့်အပ်ခံရပြီး ၁၉၈၀ မတ်လမှာ ဖာပွန်ဒေသ ရှေ့တန်းစစ်မျက်နှာသို့ တာဝန်ပေးခြင်းခံရပါတယ်။ အဆိုပါနှစ်မှာပဲ အမှတ် (၁) တပ်မဟာ ကတိုင်တိ ဒေသတိုက်ပွဲမှာ နားဒဏ်ရာရခဲ့လို့ မာနယ်ပလောဌာနချုပ်သို့ ပြန်လာကာ ဆေးကုသမှုခံယူခဲ့ပြီးနောက် ဗိုလ်ကြီးအဆင့် ရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။

ဒီနောက် စောထူးထူးလေးဟာ   တရားစီရင်ရေးဌာန၊  KNDO ကာကွယ်ရေးဌာနတွေအပါအဝင်  KNU ကရင်အမျိုးသားအစည်းအရုံးက ပေးအပ်တဲ့ တာဝန်အမျိုးမျိုးကို ထမ်းဆောင်ရင်း ၁၉၈၄ ခုနှစ်မှာ ကရင်ဒုက္ခသည်ကော်မတီ (KKC)မှာ တွဲဖက်အတွင်းရေးမှူး ဖြစ်လာပါတယ်။

၁၉၈၆ ခုနှစ်တွင်  KNU ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခံရပြီးနောက် ဘုရားသုံးဆူဒေသ မွန်-ကရင် ဗဟိုပူးတွဲအုပ်ချုပ်ရေး ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ မြစ်ဝကျွန်းပေါ် စစ်ဆင်ရေး တာဝန်ပေးအပ်ခံရပြီး ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလမှာ ဗိုလ်မှူးကြီး အဆင့်သို့ ရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။

ဒီနောက် KNDO ကာကွယ်ရေးတပ်ဖွဲ့ ဒု စစ်ဦးစီးချုပ် ရာထူးခန့်အပ်ခံရပြီး ၁၉၉၅ ခုနှစ်၊  KNU (၁၁) ကြိမ် မြောက်ကွန်ဂရက်မှာ  KNU အထွေထွေအတွင်းရေးမှူး (၂) အဖြစ် ရွေးချယ်ခံရကာ ၂၀၀၀ ပြည့်နှစ် KNU (၁၂) ကြိမ်မြောက်ကွန်ဂရက်မှာ  KNU အထွေထွေအတွင်းရေးမှူး (၁) အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၀၄ ခုနှစ် KNU (၁၃) ကြိမ်မြောက် ကွန်ဂရက်မှာ  KNU တွဲဘက်အတွင်းရေးမှူး (၁) အဖြစ် ပြန်လည်အရွေးခံရပြီး ၂၀၁၂ ခုနှစ် KNU (၁၄) ကြိမ်မြောက်ကွန်ဂရက်မှာ စောထူးထူးလေးကို KNU ဥက္ကဋ္ဌရဲ့ စစ်ရေးနှင့် နိုင်ငံရေးအကြံပေးအဖြစ် တရားဝင် ခန့်အပ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013