Home
မြန်မာသတင်း
ငလျင်အကူအညီအပေါ် စစ်တပ်က အခွင့်ကောင်းယူ နိုင်ငံရေးအမြတ်မထုတ်ရန် KNU တိုက်တွန်း 
DVB
·
March 31, 2025
Photo : KNU
Photo : KNU
Photo : KNU
Photo : KNU
Photo : KNU

ငလျင်ဘေးအကူအညီတွေအပေါ် စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအမြတ်မထုတ်ဖို့နဲ့ နိုင်ငံတကာ အကူအညီတွေကို ကိုယ်ကျိုးအတွက်သုံးတတ်တဲ့ စစ်ကောင်စီကတဆင့် အကူအညီပေးရာမှာ သတိထားကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မတ် ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ငလျင်ဘေးသင့်တဲ့ ပြည်သူတွေဟာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေအောက်မှာရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရှိနေတာကို သတိမူပြီး ငလျင်ဘေး အကူအညီတွေ ပေးအပ်ရာမှာ အပြိုင်အကူအညီပေးတဲ့ လုပ်ငန်းစဉ်တွေအပေါ် အခြေခံပြီး မြေပြင်ပေါ်မှာ အကူအညီပေးနေတဲ့ ဒေသခံအသိုက်အဝန်းတွေကတဆင့် အမှန်တကယ် လိုအပ်နေသူတွေဆီ ရောက်ရှိရေး လုပ်ဆောင်ဖို့လည်း KNU က နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

၂၀၀၈ ခု ကာလက မြန်မာနိုင်ငံကြုံတွေ့ရတဲ့ နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေအတွက် လက်ခံရရှိတဲ့ နိုင်ငံတကာက အကူအညီတွေကို ဒီစစ်အုပ်စုကပဲ သူတို့အကျိုးစီးပွားအတွက် သုံးသွားတဲ့ သမိုင်းကြောင်း ရှိတာကြောင့် အခု ငလျင်အကူအညီတွေအပေါ် စစ်တပ်က အခွင့်ကောင်းယူ နိုင်ငံရေးအမြတ်မထုတ်စေဖို့ အနီးကပ် အကဲဖြတ်စောင့်ကြည့်တဲ့ လုပ်ငန်းစဉ်ကို ထည့်သွင်းထားဖို့လည်း တိုက်တွန်းပါတယ်။

KNU အနေနဲ့လည်း အရေးပေါ်လိုအပ်တာတွေကို တုံ့ပြန်ကူညီဆောင်ရွက်နိုင်ဖို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသရွေ့ တတ်နိုင်တဲ့နည်းလမ်းက ပါဝင်သွားမယ်လို့ ဆိုပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ကရင်ပြည်နယ်၊ လယ်ဒိုနဲ့ ဆောထိမြို့နယ်တို့မှာ ငလျင်ကြောင့် ပြည်သူ ၂ ယောက် သေဆုံး၊ စေတီပုထိုးတွေ ပျက်စီးခဲ့ရပါတယ်။

ငလျင်ကြောင့် လယ်ဒိုမြို့နယ်၊ တောကြောင်ပေါက်ရွာက စစ်တောင်းမြစ်ကမ်းစပ် ပြိုကျခဲ့လို့ အိမ် ၂ လုံး ပြိုကျပြီး အသက် ၂၈ နှစ်အရွယ် လူငယ်တယောက် ရောဂါအခံကြောင့် သေဆုံးသလို လူကြီးတယောက်ကတော့ အိမ်ပြိုတာမှာပါပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လယ်ဒိုမြို့နယ်အတွင်းက ကျေးရွာတချို့နဲ့ ဆောထိမြို့နယ်ထဲက အင်းကျေးပလာရွာတို့မှာ လယ်တွေ ပပ်ကြားအက်ပြီး ရွှံ့စေးချော်ရည်တွေ ထွက်လာခဲ့သလို ဝိုင်ကျွန်းရွာက ဝိုင်ဘုရားကြီး ကျောင်းတိုက် ဘုရားစိန်ဖူးတော် မြေခတာ၊ အရန်စေတီတွေနဲ့ သင်္ချိုင်းဇရပ်တွေလည်း ပြိုကျပျက်စီးသွားပါတယ်။

အင်အားကြီးမြေငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ် အများကြီး ပျက်စီးဆုံးရှုံးရတဲ့အပေါ် KNU အနေနဲ့ ပြည်သူတွေနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရပြီး ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် စိုးရိမ်ပေးကြပြီး အချိန်တိုကာလအတွင်း ကူညီဖို့ ကမ်းလှမ်းရောက်ရှိလာကြတဲ့ နိုင်ငံတကာက အစိုးရတွေ၊ အဖွဲ့အစည်းတွေအပြင် ဒေသခံ ပရဟိတအဖွဲ့တွေ၊ ပြည်သူတွေရဲ့ ကူညီမှုတွေကိုလည်း KNU အနေနဲ့ ကြိုဆို ကျေးဇူးတင်တယ်လို့ ထုတ်ပြန်ပါတယ်။

ပြည်သူတွေ မြေငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ စစ်ကောင်စီက အရပ်သား နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေကို ဆက်တိုက် ကျူးလွန်နေတာကိုလည်း ဝမ်းနည်းစွာတွေ့ရတယ်လို့ ဆိုပါတယ်။

သာမန်အခြေအနေမှာ နိုင်ငံတနိုင်ငံရဲ့ သဘောဝဘေးအန္တရာယ်ကို တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်ဟာ ဦးစွာပါဝင်ကြရပေမဲ့ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေတဲ့ စစ်တပ်ကတော့ တိုင်းပြည်ရဲ့ ကြွယ်ဝမှုနဲ့ အခွင့်ထူးတွေကို ရယူအလွဲသုံးစားလုပ်ပြီး ပြည်သူကို ဦးတည်တိုက်ခိုက်ဖို့ပဲ တပ်စွဲ ဖြန့်ကြက်ထားတယ်လို့ KNU ထုတ်ပြန်ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013