
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက တညောင်တိုက်နယ်မှာရှိတဲ့ ဓာတ်အားပေးရုံဝန်းကျင်ကို မတ် ၃၁ ရက် မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ ကြားတာက တညောင်လျှပ်စစ်ရုံးလို့ သိရတယ်။ ကပစ ၂၁ ကို မီးပေးတဲ့ လျှပ်စစ်ရုံး မြို့လှရွာနားပေါ့နော်။ ကာကွယ်ရေးတွေက ဒီလမ်းကိုသိမ်းပြီး မီးဖြတ်တာမို့လို့ ကပစ ဘက်ကိုလေ” လို့ ပြောပါတယ်။
တညောင်ဝန်းကျင်မှာ မတ် ၃၁ ရက် မနက် ၅ နာရီခွဲလောက်ကတည်းက ထိတွေ့တိုက်ပွဲဖြစ်သံ ကြားခဲ့ရပြီး စစ်တပ်ဘက်က လက်နက်ကြီး ပစ်ကူပေးခဲ့သလို မနက် ၈ နာရီလောက်မှာတော့ လေယာဉ်နဲ့ ဗုံးကြဲချသွားတာလို့ ဆိုပါတယ်။
တညောင်ဝန်းကျင်ကို ဗုံးကြဲချတဲ့ကိစ္စနဲ့ပတ်သက်လို့ တခြားဒေသခံတွေကလည်း အတည်ပြုပေမဲ့ ဆက်သွယ်ရေး အခက်အခဲကြောင့် အထိအခိုက်နဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ဆင်ဖြူကျွန်းဒေသကို စစ်ကောင်စီက မတ်လဆန်းပိုင်းကတည်းက စစ်ကြောင်းထိုးနေတာကြောင့် PDF တွေက စလင်း-တညောင် ကားလမ်းပိုင်းကို ပြည်သူ လုံးဝဖြတ်သန်းခြင်း မပြုလုပ်ဖို့ ယာယီပိတ်ထားပါတယ်။