Home
မြန်မာသတင်း
ငလျင်ဘေးသင့်နေသော်လည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ် 
DVB
·
March 30, 2025
Photo: မတ် ၂၈ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်၌ ပျက်စီးခဲ့သည့် စာသင်ကျောင်း

စစ်ကောင်စီက ငလျင်ဘေးသင့်နေချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေဆဲဖြစ်ပေမဲ့ NUG ဘက်က ၂ ပတ်ကြာ ထိုးစစ်ရပ်နားကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။ 

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်မှာ စစ်ကောင်စီက ရှမ်း၊ ကရင်၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတို့က နေရာ ၆ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ငလျင်စမလှုပ်ခင် နာရီဝက်အလိုမှာ မကွေးတိုင်း၊ ကမ္မတိုက်နယ်က တိုင်းရင်းဆေးဝါးထုတ်လုပ်တဲ့အလုပ်ရုံကို ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မွန်းလွဲပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကံကြီးရွာနဲ့ နောင်လင်ကျေးရွာ၊ နေ့လယ် ၁၂ နာရီမှာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တို့ကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အညာမြေတပ်ပေါင်းစု-မကွေးမှ ကိုဘိုဘိုသန့်ဇင်က “ပါရာမော်တာတိုက်တာက ပခုက္ကူမြို့နယ် ကမ္မတိုက်နယ်ထဲက တိုင်းရင်းဆေးဝါးထုတ်လုပ်တဲ့အလုပ်ရုံကိုကြဲတာ၊ အဲ့ဒီအထဲက အမျိုးသမီး ၂ ယောက်သေပြီးတော့ အမျိုးသမီး ၇ယောက်ဒဏ်ရာရပြီးတော့ ၂ ယောက်ကတော့ စိုးရိမ်ရတယ်။ အဲ့ဒီလိုမျိုးဖြစ်သွားတာ၊ ငလျင်မလှုပ်ခင် နာရီဝက်အလိုက။ အခုကတော့ လေယာဉ်တွေ ပျံလာနေတယ်ဆိုတဲ့ သတိပေးချက်တွေ မလာသေးဘူး။ ကျနော်တို့ဇုန်မှာ လေယာဉ်တွေ လာပျံဝဲနေတာ မတွေ့ရပေမဲ့ ရှမ်းမြောက်ဇုန်မှာ မနေ့က သတင်းတွေမှာ ဗုံးကြဲလို့ အမျိုးသမီးတွေရော အရပ်ဘက်တွေရော အများကြီး သေတယ်ဆိုပြီးတော့လေ၊ အတိုင်းအတာတခုအထိပဲ လျှော့ချတယ်လို့ ထင်ပါတယ်။ တပတ် ဆယ်ရက်ဒါမျိုး လျှော့ချလိုက်မယ်၊ ပြီးရင်တော့ ပုံမှန်အတိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်လိမ့်မယ် ထင်တယ်။”

စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၊ ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ကျေးရွာတွေကိုလည်း မတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီကျော်ဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ ညနေပိုင်းမှာလည်း KNU တပ်မဟာ (၇) နယ်မြေ၊ လေးဝါးကျေးရွာကို ကာမီကာဇေ ဒရုန်းတွေနဲ့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နွယ်ခွေ ကျေးရွာကိုလည်း စစ်ကောင်စီက စက်တပ် လေထီးတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “၂ ပတ်တိတိပေါ့နော်၊ ၃၀ ရက်နေ့ကစတင်ပြီးတော့ ၂ ပတ်တိတိ ကျနော်တို့ ထိုးစစ်တွေရပ်ဖို့အတွက် ထုတ်ပြန်ထားပါတယ်။ CDM ဝန်ထမ်းတွေနဲ့ ကူညီဖို့အတွက် လုံခြုံရေးအာမခံရင် ကူညီပေးဖို့အတွက်လည်း ကမ်းလှမ်းထားတာဖြစ်တယ်။ ကျနော်တို့တွေက ပြည်သူတွေကို ကူညီဖို့အတွက်ကို ကမ်းလှမ်းတာ၊ အခက်အခဲတွေ ကြားထဲကနေပြီးတော့ ကနဦးအနေနဲ့ ဒေါ်လာတသန်း ထုတ်သုံးပြီးတော့ ကူညီဆောင်ရွက်နေတယ်၊ အစွမ်းကုန် ပြည်သူတွေကိုကူညီဖို့အတွက်လည်း ကျနော်တို့တွေ ညွှန်ကြားချက်တွေထုတ်ထားပြီး လုပ်ကိုင်ဆောင်ရွက်နေကြပြီဆိုတာလည်း ပြောချင်ပါတယ်” လို့ ပြောပါတယ်။

နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုတွင်း DPLA ဓနုတပ်ဖွဲ့မှ စစ်မေ ၆ ယောက်နဲ့ တပ်သားတယောက် သေဆုံးခဲ့ပါတယ်။ ၂၈ ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း လက်လှမ်းမီသလောက် အတည်ပြုချက်အရ ၉ ယောက် သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ပါတယ်။

အလားတူ မတ် ၃၀ ရက် မနက် ၁၀ နာရီကလည်း  မကွေးတိုင်း၊ ပေါက်မြို့နယ် ကျေးရွာအချို့နဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တို့ကိုလည်း ဒရုန်းအပါအဝင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေဟာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရလို့  ထိခိုက်မှုအသေးစိတ်ကိုတော့ DVB က အတည်မပြုနိုင်သေးပါဘူး။

မတ် ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြီးတခု လှုပ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူ ၂,၀၀၀ ကျော်အထိ ရှိလာနေပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013