Home
မြန်မာသတင်း
စစ်ကိုင်း ပြိုကျဗလီ ၃ ခုထဲမှ ၅၄ ဦး အလောင်းတွေ့၊ မူကြိုကလေးများ ပိတ်မိနေဆဲ
DVB
·
March 30, 2025

စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်မှာ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဗလီကြီး ၃ လုံး ပြိုကျပျက်စီးခဲ့ရပြီး မတ် ၃၀ ရက် နေ့လယ်ပိုင်းအထိ သေဆုံးသူ ၅၄ ယောက်ကို ပြန်ဖော်နိုင်ခဲ့တယ်လို့ စစ်ကိုင်းမြို့ခံက ပြောပါတယ်။

မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီလောက်က  အစ္စလာမ်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ် သောကြာ (ဂျူမူအာဟ်) စုပေါင်းဝတ်ပြုနေကြချိန် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့် မြို့မဗလီ၊ မြို့တော်ဗလီနဲ့ မိုယ်းကျဂျာမေ့အ်ဗလီတွေ ပြိုကျပျက်စီးခဲ့ပြီး ဝတ်ပြုဆုတောင်းနေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ အသက်ဆုံးရှုံးခဲ့ရတာပါ။

စစ်ကိုင်းမြို့ခံတယောက်က “စစ်ကိုင်းက မြို့တော်ဗလီရယ်၊ မြို့မဗလီရယ်၊ မိုယ်းကျဂျာမေ့အ်ဗလီရယ် ၃ ခုစလုံးပြိုတာ။ အခု စုစုပေါင်း စာရင်းက ၅၄ ယောက်ရှိတယ်။ အသေအပျောက် အများဆုံးက စစ်ကိုင်းက ဗလီ ၃ ခုပြိုတာက အများဆုံး။ အခုတူးဖော်ရသလောက်ကတော့ ၅၄ ယောက် အလောင်းတွေ့တယ်။ နောက်တခုက မြတ်စေတနာက မူကြိုကလေးတွေနဲ့ ကျောင်းအုပ်ဆရာမကြီး၊ နောက်ပြီး ယဉ်ကျေး လိမ္မာသင်တန်းက ကလေးတွေကလည်း အယောက် ၃၀၊ ၄၀ လောက် ပိတ်မိနေတယ်လို့ ပြောတယ်။ စစ်ကိုင်းမှာက အခုချိန်ထိ ငလျင်က လှုပ်တုန်းပဲ၊ မနေ့ကလည်း လှုပ်တယ်။ ဒီနေ့မနက် ၇ နာရီလောက်ကလည်း လှုပ်တယ်ဆိုတော့ သိပ်မဝင်ရဲကြသေးတာလည်း ပါတယ်။ စက်ပစ္စည်းမစုံတဲ့အတွက် အခုဟာ လက်ချည်းဗလာအားကိုးပြီး ဝင်နေရတာဆိုတော့ အထဲကို သိပ်မဝင်ရဲကြတာ”လို့ ပြောပါတယ်။

စစ်ကိုင်းမြို့က မြတ်စေတနာကိုယ်ပိုင်အထက်တန်းကျောင်းတခုလုံးလည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး မူကြိုကလေး ၃၀ ကျော်နဲ့ ဆရာမတွေ ပိတ်မိနေသေးတယ်လို့ သိရပါတယ်။

“မြတ်စေတနာ ကိုယ်ပိုင်အထက်တန်းကျောင်းက ကလေးတွေကလည်း ပိမိနေတယ်။ အဲ့ထဲမှာ ကျောင်းပိုင်ရှင်၊ ကျောင်းအုပ်ဆရာမကြီးလည်း ဆုံးသွားတယ်လို့ သတင်းကြားတယ်။ ကလေးတွေကလည်း ၄၈ နာရီ ပိမိနေတာဆိုတော့ အသက်ရှင်ဖို့တော့ အခွင့်အလမ်းနည်းသွားပြီ။ အခု ကယ်ဆယ်ရေးစနေပြီလို့တော့ ပြောတယ်။”

ဒါ့အပြင် စစ်ကိုင်းတောင်အောက်က ငလျင်ပြတ်ရွေ့ကျောပေါ်မှာရှိခဲ့တဲ့ အုတ်ကျောင်းမှာ ယဉ်ကျေး လိမ္မာသင်တန်းကျောင်း ဖွင့်လှစ်ထားပြီး ငလျင်ဒဏ်ခံရချိန်က အဆောက်အဦတခုလုံး ပြိုကျသွားတာကြောင့် သင်တန်းကျောင်းတက်နေတဲ့ ကလေး ၄၀ ထက်မနည်း ပိတ်မိနေတယ်လို့ ဒေသခံက ပြောပါတယ်။

“မြတ်စေတနာ ကိုယ်ပိုင်အထက်တန်းကျောင်းအပြင် တကယ်ထိသွားတဲ့နေရာက စစ်ကိုင်းတောင်ကနေ ဆင်းလာရင် ပြတ်ရွေ့အပေါ်တည့်တည့်မှာရှိတဲ့ အုတ်ကျောင်းမှာ အခုဖွင့်ထားတဲ့ ယဉ်ကျေးလိမ်မာသင်တန်း။ အဲ့သင်တန်းမှာလည်း ကလေးတွေ တော်တော်များများပိတ်မိနေတယ်။ ယဉ်ကျေးလိမ်မာသင်တန်းကျောင်းက စစ်ကိုင်းက သုခကာရီရဲ့ ဘေးနားမှာ ဖွင့်ထားတဲ့ အုတ်ကျောင်း ၃ ထပ်တိုက်၊ အဲဒီမှာ စစ်ဘေးရှောင်တွေရော ရှိတယ်။ ကလေးတွေ‌ရော အယောက် ၃၀-၄၀ လောက်ရှိတယ်။ အကုန်ပိတ်မိနေတာ။ သုခကာရီက ကယ်တာကို မရဘူးပြောတယ်။ နေ့လယ်ဆိုတော့ သင်တန်းစနေတာ။ ၃ ထပ်ဆောင် အသစ်တစ်ခုလုံး ပြိုကျသွားတာ။ ယဉ်ကျေးမှုသင်တန်းကျောင်းတက်နေတဲ့ ကလေးတွေ အားလုံးပါသွားတယ်။”

ငလျင်ဗဟိုချက်နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ စစ်ကိုင်းမြို့ကတော့ ၉၀ ရာခိုင်နှုန်းနီးပါး တမြို့လုံး ပြိုကျပျက်စီးသွားတဲ့ထဲမှာ မြို့နယ်မီးသတ်လည်း ပါတာကြောင့် ကူညီကယ်ဆယ်ရေးမှာလည်း စက်ယန္တရားကြီးတွေ မရှိလို့ အခက်အခဲဖြစ်နေကြပါတယ်။

လက်ရှိ ငလျင်ဒဏ်ကြောင့် မန္တလေးနဲ့ စစ်ကိုင်းကို ဆက်သွယ်ထားတဲ့ စစ်ကိုင်းတံတား ၂ ခုလုံးကလည်း သွားလာလို့ မရသလို ဖုန်းလိုင်းအင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် မြေပြင်အခြေအနေကို အသေးစိတ်သိရဖို့ ခက်ခဲနေပါတယ်။

ငလျင်ဒဏ်ကြောင့် နှစ်ပေါင်း ၉၀ ကျော် သက်တမ်းရှိတဲ့ စစ်ကိုင်းတံတားဟောင်း ပြိုကျပျက်စီးတာအပြင် စစ်ကိုင်းတံတားသစ်လည်း အက်ကွဲကြောင်းဖြစ်နေပြီး မင်းကွန်း မြသိန်းတန်စေတီ၊ ပုထိုးတော်ကြီး၊ မင်းကွန်း ဆရာတော်ကြီး သတင်းသုံးခဲ့တဲ့ မင်းကွန်းတိနိကျောင်းခေါ် တိပိဋကနိကာယ ကျောင်းတိုက်၊ သိမ်၊ လွမ်းစေတီနဲ့ သာသနိက အဆောက်အဦတွေ ပြိုကျ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်ကြောင့် စစ်ကိုင်းကောင်းမှုတော်ဘုရား စိန်ဖူးတော် မြေခခဲ့ပြီး စစ်ကိုင်းမြို့ပေါ်က တန်းခိုးကြီး ဘုရားစေတီတွေနဲ့ အဆောက်အဦတွေ အများအပြား ထိခိုက်ပျက်စီးပြီး ဒေသခံတွေ ပိတ်မိနေဆဲဖြစ်တာကြောင့် ကယ်ဆယ်ရေးအတွက် အကူအညီတွေ လိုအပ်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013