Home
မြန်မာသတင်း
စလင်းတွင် စစ်တပ်က ပြည်သူအချို့ကို သတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး
DVB
·
May 27, 2025
Photo: စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မေလလယ်ပိုင်းကစလို့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေက ပြည်သူပိုင် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူတချို့ကိုလည်း သတ်ဖြတ်မီးရှို့သွားခဲ့ကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “အခုလလယ်ပိုင်းလောက် ကတည်းက စလင်းမြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းဝင်နေတာ။ စနေချောင်၊ ဂွေးကုန်း၊ ငါးသန်ခေါင်း၊ အိုးသည်(ရွာမ) နဲ့ အိုးသည်(အရှေ့ကုန်း) တွေက အိမ်တွေအတော်များများ မီးရှို့ ဖျက်ဆီးခံရတယ်” လို့ ပြောပါတယ်။

အဆိုပါစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူပိုင်လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ကြတဲ့အပြင် ပြည်သူတချို့ကိုလည်း သတ်ဖြတ်မီးရှို့သွားခဲ့ကြသေးတယ်လို့ ဆိုပါတယ်။

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ အမ်ဖိုးက “(--)စစ်ကြောင်းက တပ်မ ၁၀၁ ကကောင်တွေနဲ့ နယ်မြေခံတပ်ရင်း ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တွေက (--)တွေ။ အဲဒီ (--)စစ်ကြောင်းရဲ့ မီးရှို့ခံရတဲ့အထဲမှာ အသက်ကြီးလူမမာ အမျိုးသမီးကြီး တယောက် ပါတယ်။ အမျိုးသားတွေလည်း ပါတယ်။ တချို့အမျိုးသားတွေဆိုရင် ကိုယ်လက်အင်္ဂါတွေကို အပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့ အသတ်ခံရပြီးတော့မှ မီးရှို့ထားခဲ့တာတွေ တွေ့ရတယ်။ အဲဒီ စနေချောင်၊ ဂွေးကုန်း၊ ငါးသန်ခေါင်းရွာတွေအပြင် ပတ်ဝန်းကျင်ရွာတွေက ရွာခံတွေလည်း ထွက်ပြေးနေကြတာ၊ စစ်ကြောင်းထွက်သွားပေမဲ့ အခုထိတော့ ရွာထဲ ပြန်မဝင်လာရဲကြသေးဘူး။ အခုမှ ရှင်းလင်းရေးတွေ ဆောင်ရွက်ကြမှာဆိုတော့ စာရင်းအတိအကျ မရသေးဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မေ ၂၃ ရက်က ငါးသန်ခေါင်းကျေးရွာနဲ့ ဂွေးကုန်းကျေးရွာတွေအပြင် မေ ၂၄ ရက်မှာ စနေချောင်ကျေးရွာနဲ့ မေ ၂၅ ရက်မှာ အိုးသည် (ရွာမ)၊ အိုးသည်(အရှေ့ကုန်း) ကျေးရွာတွေကို ဝင်ရောက်စီးနင်း သတ်ဖြတ် မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။

အဆိုပါ စစ်​ကောင်စီစစ်ကြောင်း ဝင်ရောက်ဖျက်ဆီးခဲ့ကြတဲ့ ကျေးရွာတွေအပြင် အောက်လှိုင်း၊ ငါးလင်ပန်း၊ ဝမ်းပြည့်၊ ပိန္နဲပင်၊ သရက်ကျဉ်း၊ ဂွေးကုန်း၊ တောင်ပြစ်ကုန်း၊ ကျောက်ရဲကုန်း၊ ထနောင်းကုန်း၊ မုန်မင်စု၊ ရွှေကူ၊ ညောင်ကုန်း၊ ပန်းပြင်၊ ကြည်ကုန်း၊ ဂွေးပင်ဇင်၊ ကြည်ကုန်း၊ ကျွန်းရင်း၊ ပေါက်မ၊ ပေါက်မ(ပေါင်းစု)နဲ့ အောင်စေစုကျေးရွာတွေက ဒေသခံပြည်သူ သောင်းနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မကွေးတိုင်းအတွင်းမှာ အခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့်လည်း တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေ ယာယီနေထိုင်စရာတွေ အခက်အခဲ ဖြစ်နေကြတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေကြသူတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013