Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသား ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ဘာ့ဒ်ကောလိပ်က ဂုဏ်ပြုဆုချီးမြှင့်
DVB
·
May 26, 2025

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုင​ယ်ကို အမေရိကန်ဘာ့ဒ် ကောလိပ် (Bard College) က  Laszlo Z. Bito Award for Humanitarian Service ဆု ချီးမြှင့်လိုက်ပါတယ်။​

ဖူးလ်ဘရိုက် စကောလားရှစ်နဲ့ ပညာတော်သင်ကျောင်းသားတွေ မွေးထုတ်ပေးရာမှာ ထင်ရှားတဲ့  အမေရိကန် ဘာ့ဒ်ကောလိပ်ဟာ သူတို့ဆီကနေ ၂၀၀၄  မှာ ဘွဲ့ ရခဲ့တဲ့ သင်တန်းသား ဦးဘိုဘိုငယ်ကို အခုလို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ 

ဆုကိုတော့ ဒေါက်တာ ကျော်မိုးထွန်းက ကိုယ်စားလက်ခံတယ်လို့ ဖော်ပြထားပါတယ်။ မတရားမှု၊ အကြမ်းဖက်မှု၊ နိုင်လိုမင်းထက်ပြုမှုတွေ ခြိမ်းခြောက်ခံနေရတဲ့ တဦးတယောက်ချင်းစီရဲ့ ကိုယ်စား ဘာ့ဒ်အသိုက်အဝန်းက အဖွဲ့ဝင်(ဘာ့ဒ်ကျောင်းထွက်တွေ)ရဲ့ သူမတူတဲ့ လုပ်ဆောင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ Laszlo Z. Bito Award for Humanitarian Service ကို ချီးမြှင့်တာ ဖြစ်ပါတယ်။

၁၉၅၆ ခုနှစ်တုန်းက ဘာ့ဒ်မှာ ကျောင်းလာတက်ခဲ့တဲ့ ဟန်ဂေရီ လွတ်မြောက်ရေးလှုပ်ရှားသူ၊ သိပ္ပံပညာရှင်၊ စာရေးဆရာ လက်စ်ဇလို ဇီး၊ ဘီတို ကို အစွဲပြုပြီး ချီးမြှင့်တာဖြစ်ပါတယ်။

ဦးဘိုဘိုငယ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ အစောပိုင်းကာလမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြလို့ ထောင်ကျခဲ့ရသူ ဖြစ်ပါတယ်။ ပြန်လွတ်လာတဲ့နောက်ပိုင်းမှာ အောင်မြင်တဲ့ ပို့ကုန်ကုမ္ပဏီတခု စတင်လုပ်ဆောင်ခဲ့ပေမဲ့ စစ်အစိုးရဖိအားနဲ့၊ ပညာသင်ယူလိုစိတ်ကြောင့် အမေရိကန်ကို ထွက်လာခဲ့ပြီး ပန်းကန်ဆေးသူအဖြစ် အသက်မွေးရင်း ဘာ့ဒ်ကနေ BA ဘွဲ့ယူနိုင်ခဲ့ပါတယ်။

အဲဒီနောက် Johns Hopkins University တက္ကသိုလ်ကနေ စီးပွားရေးမဟာဘွဲ့၊ London University’s School of Oriental and African Studies ကနေ ဒေါက်တာဘွဲ့တွေရခဲ့ပါတယ်။

၂၀၁၄ မှာ မြန်မာစစ်တပ်က အရပ်သားအစိုးရကို အုပ်ချုပ်ရေးလုပ်ပိုင်ခွင့်အချို့ အလျှော့ပေးလာချိန်မှာ ဦးဘိုဘိုငယ်ကတော့ ဝင်ငွေကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်း နယ်ပယ်ကို စွန့်ခွာပြီးတော့ ကိုယ့်နိုင်ငံမှာ စီးပွားရေးပြုပြင်ပြောင်းလဲရေး ကူညီပေးဖို့ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။

၃ နှစ်အကြာ NLD အစိုးရလက်ထက်မှာ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတာဝန်ယူခဲ့ပါတယ်။  ၅ နှစ်အတွင်း တိုင်းပြည် GDP ၅ ဆတိုးလာခဲ့မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ပုံတပုံ တိုးလာမှုနဲ့ အစိုးရကြွေးမြီ ထက်ဝက်လျှော့ချနိုင်ခဲ့မှုမှာ ပါဝင်ကူညီနိုင်ခဲ့သူ ဖြစ်ပါတယ်။ 

NLD  အစိုးရက ၂၀၂၁ မှာ ရွေးကောက်ပွဲ ထပ်နိုင်ခဲ့ချိန်မှာတော့ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဦးဘိုဘိုငယ်ကိုပါ ဖမ်းဆီးခဲ့ပါတယ်။ ဦးဘိုဘိုငယ်ကို အဂတိလိုက်စားမှုစွဲချက်တွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပြီးတော့ အိုးဘိုထောင်ထဲမှာ အကျဉ်းချထားပါတယ်။

စိုင်းခေတ်နွေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013