Home
မြန်မာသတင်း
AA ၏ စစ်မှုထမ်းကိစ္စကို ဆန္ဒပြသည့် တောင်ကုတ်ဒေသခံများ ဖမ်းဆီးခံထားရ
DVB
·
May 25, 2025

အာရက္ခတပ်တော် AA ရဲ့ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ် ဆိုတာကို ဆန္ဒပြ ကန့်ကွက်ခဲ့ကြတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က ဒေသခံ ၄၀ လောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁၈ ရက်နေ့က ရွာ ၅ ရွာမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အဲဒီနေ့မှာပဲ ဖမ်းဆီးခံခဲ့ရလို့ မေ ၂၅ ရက် ဒီနေ့အထိ ပြန်မလွတ်သေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “AA ကို မကြိုက်လို့ မဟုတ်ပါဘူး။ မိဘတွေက ကိုယ့်သားသမီးကို ဘယ်သူကမှ စစ်ထဲကိုတော့ မထည့်ချင်ကြဘူးလေ။ မိမိသဘောဆန္ဒအရ စကစ လက်က လွတ်မြောက်ချင်လို့ AA တပ်ထဲဝင်ပြီး စစ်မှုထမ်းချင်တဲ့သူတွေ အများကြီးရှိပါတယ်။ အဲဒီလိုမျိုးပဲ ဖြစ်သင့်တာပါ။ စစ်မှုမထမ်းပေမဲ့ စကစ ကို ထောက်ခံတာလည်း မဟုတ်ပါဘူး။ AA ကို ဆန့်ကျင်တာလည်း မဟုတ်ပါဘူး။ တချို့ အဖမ်းခံထားရသူတွေဆိုရင် တလျှောက်လုံး AA ရဲ့ တာဝန်တွေကို ယူထားကြသူတွေ။ တလျှောက်လုံး ဘဝကိုနှစ်ပြီး AA အတွက် အလုပ် လုပ်ပေးနေသူတွေတောင် ပါနေတယ်။ အခုက အထက်ကမသိဘဲ အောက်ခြေကလူတွေ လုပ်နေတာလို့ ထင်တယ်။ အဲဒီလူတွေက အရင်က မကျေနပ်တာတို့ဘာတို့နဲ့ လုပ်နေတဲ့ပုံစံပဲ။ တကယ်ဆိုရင် အခုလို ဆန္ဒပြတာကို ဖမ်းဆီးတာမျိုးက မလုပ်သင့်ပါဘူး။ အဲဒီလိုပြသတဲ့သူတွေရဲ့ သဘောထားကိုလည်း တာဝန်ရှိသူတွေက မေးမြန်းသင့်ပါတယ်။ မေးမြန်းပြီး အဖြေတခု ရှာသင့်တယ်လို့ ထင်တယ်” လို့ ပြောပါတယ်။

တန်းလွဲရွာမက ဒေသခံ ၂၀ လောက်၊ ကင်းတောင်ရွာက ၁၀ ယောက်ကျော်၊ လမို့မော်ရွာက ၂ ယောက်၊ ဆားပြင်ရွာက ၁၀ ယောက် ဖမ်းဆီးခံထားရပြီး တန်းလွဲရွာမကတော့ လူဦးရေ အတိအကျမသိရဘဲ များနိုင်တယ်လို့ ဆိုပါတယ်။

AA အထက်ပိုင်းက တာဝန်ရှိသူတွေ သိစေဖို့ ရည်ရွယ်ပြီး ဆန္ဒပြကြတာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတယောက်က ပြောပါတယ်။

“အခု အဖမ်းခံရတဲ့သူတွေထဲမှာ အမျိုးသမီးတွေတောင် ပါတယ်။ အဲဒီအမျိုးသမီးတွေဆိုရင် သာမန် တောင်ယာလုပ်နေတဲ့သူတွေပဲ။ သူတို့ သားသမီးတွေ စစ်မှုထမ်းထဲ မထည့်ချင်တာကို ရိုးရိုးသားသား ဆန္ဒထုတ်ဖော်ကြလို့ဆိုပြီး ဖမ်းကြတာ။ တကယ်တော့ မိမိဆန္ဒကိုတော့ လွတ်လွတ်လပ်လပ် ပြသခွင့်ရှိတယ်လို့တော့ ထင်ပါတယ်။ အထက်က လူကြီးတွေကတော့ အခုလို အောက်ခြေမှာဖြစ်နေတာကို သိမယ့်ပုံမရှိဘူး။ ဆန္ဒပြတယ်ဆိုကြပေမဲ့ ဘယ်သူမှ လိုင်းပေါ်ကိုလည်း မတင်ရဲကြဘူး။ အင်တာနက်က ဘယ်မှာမှမရဘူး။ AA တပ် ထိုင်ထားတဲ့ နေရာတွေမှာတော့ စတားလင့်ရှိတော့ အဲဒီနေရာမှာ သွားသုံးလို့တော့ရတယ်။ ဒါပေမဲ့ အဲဒီမှာ AA တပ်ဖွဲ့တွေပဲ ရှိတော့ ဘယ်သူမှ အဲနေရာကနေသွားပြီး လိုင်းမတင်ရဲကြဘူး။ အများစုက ဓာတ်ပုံတောင် မရိုက်ရဲကြပါဘူး။ သူတို့က တကယ်တော့ သတင်းမီဒီယာတွေအထိ ပါလာဖို့အထိလည်း မမျှော်လင့်ကြပါဘူး။ AA အထက်ပိုင်းက တာဝန်ရှိသူတွေသိဖို့လောက်ပဲ ရည်ရွယ်ပြီး အခုလို ဆန္ဒပြကြတာ” လို့ ပြောပါတယ်။

ရခိုင်ပြည်တွင်းမှာ နေထိုင်နေကြတဲ့ လူငယ်တွေကို ရခိုင်ပြည်ပြင်ပကို ထွက်ခွာခွင့်မပြုကြောင်းနဲ့ စစ်မှုထမ်းဆောင်ရမယ်လို့ အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသား အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိနဲ့ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း စစ်မှုထမ်း အကျုံးဝင်တဲ့သူတွေကို ရခိုင် ပြင်ပထွက်ခွာခွင့် ပိတ်ပင်လိုက်တာကြောင့် ပြည်မဘက်ကို ပညာသွားသင်ချင်ကြတဲ့ လူငယ်တွေနဲ့ ရခိုင်ပြည်မှာ အလုပ်အကိုင် ရှားပါးလို့ ပြည်ပထွက်ပြီး အလုပ်လုပ်ချင်တဲ့ လူငယ်တွေအတွက် အဆင်မပြေကြဘူးလို့ သိရပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး AA ရဲ့ တာဝန်ရှိသူကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဒီနေ့အထိတော့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013