Home
မြန်မာသတင်း
စစ်မှုထမ်းခိုင်းရန်ဖမ်းရင်း လွတ်သွားသည့်လူငယ်မိသားစုဆီက လျော်ကြေးသိန်း ၁၀၀ တောင်း
DVB
·
May 24, 2025
Photo: PP

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ စစ်မှုထမ်းခိုင်းဖို့ဖမ်းဆီးရင်း လွတ်သွားတဲ့လူငယ်မိသားစုဆီကနေ စစ်ကောင်စီက လျော်ကြေးသိန်း ၁၀၀ တောင်းနေပြီး အင်္ဂပူမြို့နယ်မှာတော့ စစ်မှုထမ်း စားစရိတ်အတွက်ဆိုပြီး တအိမ်ကို ငွေ ၁ သောင်းကောက်ခံနေပါတယ်။

ကျုံပျော်မြို့၊ ရှမ်းစုရပ်ကွက်မှာ မေ  ၂၃ရက် မနေ့ညက စစ်ကောင်စီမှ လူငယ် ၂ ယောက်ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးတုန်း တယောက် ထွက်ပြေး လွတ်မြောက်သွားတာကြောင့် ကျန်ခဲ့တဲ့မိသားစုဆီကနေ လျော်ကြေးဆိုပြီး ကျပ်သိန်း ၁၀၀ တောင်းနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်

စစ်မှုထမ်းခိုင်းဖို့အတွက် လူငယ်တွေကို ရပ်ကွက်ထဲအထိ ဝင်ရောက်ဖမ်းဆီးနေတာဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ မိသားစုဝင်တွေဆီကနေ လျော်ကြေးတောင်းနေတာဖြစ်ပါတယ်။

ကျုံပျော်ဒေသခံတယောက်က “ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း စစ်တပ်နဲ့ပေါင်းပြီး သတင်းပေးနေတာ။ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်ရှိတဲ့အိမ်တွေကို စစ်တပ်ကို လက်ညိုးထိုးပြနေတာ။ စစ်တပ်ကလည်း လူငယ်ရှိတဲ့အိမ်တွေကို ချောင်းနေတာ။ ညက သူတို့ဝင်ဆွဲတဲ့ အိမ် ၂ အိမ်မှာ တအိမ်က လူငယ်တဦးမိသွားပြီး နောက်တအိမ်က လူငယ်က ထွက်ပြေးသွားလို့ ကျန်ခဲ့တဲ့မိသားစုက သိန်း ၁၀၀ ကျပ်ပေးရမှာ” လို့ပြောပါတယ်။

ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်မှာလည်း စစ်မှုထမ်းစားစရိတ်အတွက်လို့ဆိုပြီး တအိမ်ကို ငွေ တသောင်းကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းတွေအတွက် စားစရိတ်လို့ ခေါင်းစဉ်တပ်ပြီး မေ ၂၂ ရက်ကစလို့ ကောက်ယူနေတာလို့ ဆိုပါတယ်။

အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ခံ တယောက်က “အခုက စစ်မှုထမ်းစားစရိတ်ဆိုပြီးကောက်တာ။ အိမ်တိုင်း မဖြစ်မနေ ထည့်ခိုင်းတာ။ မထည့်ရင်မထည့်တဲ့အိမ်က မိမိတာဝန်ပဲဆိုပြီးကောက်နေတာ” လို့ ပြောပါတယ်။

အင်္ဂပူမြို့နယ်ထဲက မဲဇလီကုန်းမြို့ကို စစ်ကောင်စီတပ်က အနောက်တောင်တိုင်းစစ်ဌာနချုပ်ရဲ့ ခုခံကာကွယ်ရေး တိုင်းစစ်ဌာနခွဲတခုအဖြစ် မေလဒုတိယအပတ်က စတင်ခုခံစစ်ပြင်ဆင်နေတာဖြစ်ပြီး စစ်မှုထမ်းတပ်သားတွေအပြင် စစ်ကောင်စီတပ်အင်အား အများအပြား ရောက်ရှိနေတယ်လို့ သိရပါတယ်။

အင်္ဂပူမြို့နယ်က စစ်ကောင်စီတပ်နဲ့နီးစပ်သူတယောက်က “စစ်မှုထမ်းလူငယ်တွေအတွက် စားစရိတ်ဆိုပြီးကောက်တာက ခေါင်စဉ်တပ်တာပါ။ တပ်အရာရှိတွေငွေလိုနေဟန်တူတယ်။ ဒီရက်ထဲ အင်္ဂပူဘက်မှာ အကြောင်းအမျိုးမျိုးပြ ငွေကောက်နေတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့မှာ စစ်ကောင်စီတပ်က အရေးပေါ်သုံးကား ၁ စီး ဝယ်ယူဖို့အတွက်ဆိုပြီး လုပ်ငန်းရှင်တွေဆီကနေ ငွေ ၃ သိန်းစီကောက်ယူခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013