
ရုရှားနဲ့ ယူကရိန်းတို့ဟာ အကျဉ်းသား ၃၉၀ ကို မေ ၂၃ ရက်မှာ အသီးသီး လွှတ်ပေးခဲ့ကြပြီး လာမယ့်ရက်တွေအတွင်း ထပ်လွှတ်ပေးဖို့ ရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါဟာ အခုချိန်အထိ စစ်ပွဲရဲ့ အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှု ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။
လွတ်မြောက်လာတဲ့ အကျဉ်းသားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတွေ ရောက်ရှိလာချိန်မှာ ဖမ်းဆီးခံထားရဆဲ ဆွေမျိုးတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားကြရင်း ကြိုဆိုနေကြပါတယ်။
လက်ရှိ အကျဉ်းသားလဲလှယ်ရေး ပြီးဆုံးတာနဲ့ ကာလရှည် ငြိမ်းချမ်းရေး သဘောတူညီချက် အတွက် အခြေအနေတွေကို ဖော်ပြထားတဲ့ စာတမ်းမူကြမ်းကို ရုရှားက ယူကရိန်းဆီ ပေးအပ်ဖို့ အသင့်ပဲလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရို့ဗ်က မေ ၂၃ ရက်မှာ ပြောပါတယ်။
“သဘောတူညီချက်တွေရဲ့ ဒုတိယအပိုင်းကို ကျနော်တို့ တက်ကြွစွာ လုပ်ဆောင်နေပြီး ရေရှည်တည်တံ့ ခိုင်မြဲပြီးတော့ ပြီးပြည့်စုံတဲ့ သဘောတူညီချက် တခုရရှိမယ့် အခြေအနေတွေကို အကြမ်းဖျင်းဖော်ပြထားတဲ့ မူကြမ်းတခုကိုတော့ တဖက်စီမှ ပြင်ဆင်မှုတွေကို ပံ့ပိုး လုပ်ဆောင်နေပါတယ်”လို့ ဆာဂျီ လက်ဗ်ရို့ဗ် က ပြောဆိုပါတယ်။
ယူကရိန်းကာကွယ်ရေးဝန်ကြီး ရပ်စ်တမ် အူမာရော့ဗ်က စစ်ပွဲရဲ့ အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှုဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပထမဆုံး ခြေလှမ်းအဖြစ် မျှော်လင့်ကြောင်း မေ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
“ပထမအချက်က ဖလှယ်မှု၊ ဒုတိယက အပစ်အခတ်ရပ်စဲရေး၊ နောက်တဆင့်ကတော့ ခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုပါပဲ” လို့လည်း ရပ်စ်တမ် အူမာရော့ဗ်က ပြောပါတယ်။
တဖက်ကို အကျဉ်းသား ၁၀၀၀ စီ လဲလှယ်မယ့် သဘောတူညီချက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က အစ္စတန်ဘူလ်မှာ ၂ နာရီကြာ ဆွေးနွေးပွဲမှ ထွက်ပေါ်လာတဲ့ တခုတည်းသော ခိုင်မာတဲ့ ခြေလှမ်းဖြစ်ပြီး စစ်မက်ဖြစ်ပွားနေတဲ့ ၂ ဘက်ကြား ၃ နှစ်အတွင်း ပထမဆုံး တိုက်ရိုက် ဆွေးနွေးမှုလည်း ဖြစ်ပါတယ်။
သူတို့ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ ပျက်ကွက်ခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇလန်စကီးကတော့ စနေနေ့နဲ့ တနင်္ဂနွေနေ့တို့မှာ အလဲအလှယ် ဆက်လုပ်ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
Source:Reuters