
နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ အသုံးစရိတ်ဘက်ဂျက်တွေ နည်းပါးလာတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားအားလုံးကို အစားအသောက် လုံလုံလောက်လောက် မကျွေးတဲ့အပြင် သတ်မှတ်လျာထားချက်တွေထက် ပိုလျှော့ကျွေးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သိရပါတယ်။
PPNM ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက “လွန်ခဲ့တဲ့ နှစ်လလောက်ကနေစပြီးတော့ အကျဉ်းထောင်တွေထဲ ဘတ်ဂျက်တွေ လျော့နည်းတယ်ဆိုတဲ့ အကြောင်းပြချက်ကို ထောင်ပိုင်တွေက တရားဝင်ပြောဆိုပြီး အကျဉ်းသားတွေကို သီတင်းတပတ်မှာ နေ့ည ၂ နပ်နှုန်းနဲ့ တွက်မယ်ဆိုရင် ၁၄ နပ်စားရတဲ့ အခြေအနေမျိုးမှာ ပုံမှန်ဆို အသားဟင်း ၄ နပ်ပုံမှန် ကျွေးရပါတယ်။ အခုလောလောဆယ် အသားဟင်း ၄ နပ်အစား ကြက်ဥ ၄ လုံးပေးတာမျိုး အသားဟင်းတွေမကျွေးတာမျိုးတွေ ဖြစ်လာတယ်။ ငါးဆိုရင်ဗိုက်သားကို အလယ်ကနေခွဲပြီး ၂ လက်မအရွယ် အတုံးလေးတွေပဲ ရတော့တာမျိုးတွေ ဖြစ်တယ်။ ပုံမှန်သတ်မှတ်ထားတဲ့ ပျမ်းမျှ အကျဉ်းသားတယောက်ကို အနည်းဆုံး ၇ ကျပ်သား လောက်ကျွေးရမယ်ဆိုတဲ့ စံချိန်စံညွှန်းတွေဟာ လက်ရှိအချိန်တွေမှာတော့ လုံးဝမရှိတဲ့ အခြေအနေတွေကို ကျနော်တို့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေရော၊ တခြားအကျဉ်းသား အကျဉ်းသူတွေအားလုံး ရင်ဆိုင်နေရပါတယ်”လို့ ပြောပါတယ်။
မိတ္ထီလာအကျဉ်းထောင်၊ အိုးဘိုအကျဉ်းထောင်၊ ပုသိမ်ကြီးလူငယ်ထိန်းသိမ်းရေးကျောင်း၊ လွိုင်ကော်အကျဉ်းထောင်၊ ပေါင်းတည်အကျဉ်းထောင်၊ ဒိုက်ဦးအကျဉ်းထောင်နဲ့ ပုသိမ်အကျဉ်း ထောင်တို့မှာ အသားဟင်းမကျွေးတာ၊ မကျက်တဲ့ အသားတွေ ကျွေးတာနဲ့ ပဲနည်းနည်း ရေကျဲကျဲ ပဲဟင်းကိုသာ ကျွေးနေကြောင်း PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အာဏာသိမ်းစ ၂၀၂၁/၂၂ ခုနှစ်တွေမှာတောင် အကျဉ်းသားတွေကို သတ်မှတ်ထားတဲ့ အသားဟင်းပမာဏပြည့်ဝအောင်မကျွေးခဲ့ဘဲ အခုချိန်မှာတော့ ပိုဆိုးလာကြောင်း သိရပါတယ်။
အခုလို အကျဉ်းထောင်တွင်းက အကျဉ်းသားတွေကို အစားအသောက် လျှော့ကျွေးတာက လူ့အခွင့်အရေး ချိုးဖောက်နေတာဖြစ်ပြီး စစ်ကောင်စီနဲ့ အကျဉ်းဦးစီးကိုယ်တိုင်ကိုက လက်ရှိ ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားရသင့်တဲ့ အခွင့်အရေးဥပဒေကို ချိုးဖောက်နေတာဖြစ်ကြောင်း ကရင်နီနိုင်ငံရေးအကျဉ်းသားများအဖွဲ့ (KPPA) ရဲ့ တာဝန်ရှိသူ ထားဖိုးက ပြောပါတယ်။
“အကျဉ်းသားတိုင်းရဲ့ အသက်ရှင်မှုတွေ ဒါမှမဟုတ် အကျဉ်းထောင်ထဲမှာ နေထိုင်တဲ့ ကာလပတ်လုံး သူတို့ရဲ့ စားဝတ်နေရေးထိုင်ရေးတွေ အာမခံရမှာ အကျဉ်းထောင်ရဲ့ ဥပဒေထဲမှာ ပြဋ္ဌာန်းထားပြီးသား ဖြစ်တယ်။ အခုလို အကျဉ်းသားတွေရဲ့ အစားအသောက် ဝေစုလျှော့ချတာတွေ၊ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ကန့်သတ်ပိတ်ပင်တယ်ဆိုတာ စစ်ကောင်စီအစိုးရရော၊ စစ်ကောင်စီယန္တရားမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေက အစ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေတယ် ဆိုတဲ့အချက်ကို ကျနော်အနေနဲ့ ထောက်ပြချင်ပါတယ်။”
အကျဉ်းထောင်တွေမှာ ကျွေးတဲ့ အစားအသောက်တွေက အာဟာရပြည့်ဝတာမရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသူအကျဉ်းသားတွေဟာ ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်တဲ့ရောဂါ (ထောင်အခေါ် တုတ်ဆွဲဝေဒနာ) လူနာအရေအတွက် များပြားလာတယ်လို့ PPNM က ဆိုပါတယ်။
PPNM ရဲ့ စုံစမ်းထားချက်အရ မြင်းခြံအကျဉ်းထောင်တခုတည်းမှာပဲ စုစုပေါင်း အကျဉ်းသားတွေရဲ့ ၁၅ ရာခိုင်နှုန်းတဲ့ လူပေါင်း ၂၀၀ လောက်က တုတ်ဆွဲဝေဒနာကို ခံစားနေရကြောင်း သိရပါတယ်။
ဝေဝေ