Home
မြန်မာသတင်း
ကျိုက်ထို ဝင်းကံရွာ ဘုန်းကြီးကျောင်းက အလှူငွေ သိန်း ၁၀၀ ကို စစ်တပ်က အဓမ္မယူပြီး နေအိမ် မီးရှို့
DVB
·
May 23, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေပြီး ရွာဘုန်းကြီးကျောင်းက အလှူငွေ ကျပ်သိန်း ၁၀၀ ကျော်ကို ယူဆောင်သွားတဲ့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၈ ရက်က ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ဘက်ကနေ အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိတဲ့ ဝင်းကံရွာကို အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ရွာအရောက်မှာ နေအိမ်တွေထဲက ပစ္စည်းတွေကိုလည်း ဖောက်ထွင်းယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ဝင်းကံရွာ ဒေသခံတယောက်က “ဝင်းကံရွာကို စစ်တပ်ကဝင်လာတယ်။ အိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေယူတယ်။ ရွာရဲ့ အုပ်ကြီးနေအိမ်အပါ ၄ အိမ်လောက်ကို မီးရှို့သွားတယ်။ ဝင်းကံရွာ ဘုန်းကြီးကျောင်းက မီးခံသေတ္တာကိုယူ ရိုက်ဖျက်ပြီးတော့ စင်္ကြံဆောက်ဖို့ ငွေသိန်း ၁၀၀ ကျော်လည်း ယူသွားတယ်” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်းကံရွာထဲဝင်ရောက်ပြီး ပစ္စည်းတွေယူနေချိန် တော်လှန်ရေးအင်အားစုတွေ ဘက်က ရွာအထိနာမှာစိုးလို့ ဝင်ရောက်ပစ်ခတ်တာတွေ မလုပ်လိုက်ရဘူးလို့ ဆိုပါတယ်။

ဝင်းကံရွာက ပစ္စည်းတွေကို ဝင်ရောက်ယူဆောင်ပြီးနောက် စစ်ကောင်စီတပ်ဟာ မေ ၂၁ ရက်မှာ ရွှေကျင်ဘက်ကို ပြန်လည်ဆုတ်ခွာသွားပေမဲ့ ဒီနေ့အထိ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အမြောက်တပ်၊ ဝေါမြို့နယ် ဆင်ရွာ၊ သူရဲသမိန်ရွာတွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲလို့ ဆိုပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဝင်းကံ၊ ခရွဲ၊ အခိုင်ရွာ၊ သုံးခွရွာတွေအပြင် ဝေါမြို့နယ်ဘက်ခြမ်း ရွာတချို့က ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တော်လှန်ရေးအင်အားစုဘက်က စစ်ရေးသတင်းအရင်းအမြစ်က “စစ်ကောင်စီတပ်တွေ တန်ဖိုးရှိ ပစ္စည်းတွေ အကုန်ယူသွားတာ။ လက်ရှိတော့ PDF တွေ နယ်မြေရှင်းလင်းရေး လုပ်နေတယ်။ စစ်ကောင်စီတပ်ကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်” လို့ ပြောပါတယ်။

သိမ်ဇရပ်နဲ့ ရွှေကျင်ကို ဆက်သွယ်ထားတဲ့ ကားလမ်းကို တော်လှန်ရေးအင်အားစုတွေဘက်က စိုးမိုးထားတာကြောင့် စစ်ကောင်စီတပ်ဘက်က ပြန်လည်စိုးမိုးဖို့ လုပ်လာတာဖြစ်လို့ အဲဒီနားရွာတွေက ဒေသခံတွေဟာ သိမ်ဇရပ်နဲ့ အနီးအနားရွာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရွှေကျင်မြို့နယ်က စစ်ကောင်စီရဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် အဲဒီတပ်ရင်းကို စစ်ကောင်စီတပ်က ပြန်လည်ရယူပြီး စစ်တောင်းမြစ်ဘက် ပဲခူးတိုင်းဘက်အခြမ်းကိုလည်း အခိုင်အမာ နေရာယူနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013