Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
May 23, 2025

တနင်္သာရီမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေကို တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲ့တွေ မိုင်းဆွဲကာ ဒရုန်းတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မေ ၂၂ ရက် မနက် ၉ နာရီမှာ  မြိတ်ကနေ တက်လာတဲ့စစ်ကောင်စီတပ်က ကား ၃ စီးကို ကမ်းတိုကျေးရွာအနီးမှာ တနင်္သာရီမြို့နယ်ပကဖအဖွဲ့ကနေ မိုင်းဆွဲတိုက်ခိုက်၊ ပစ်ခတ်ခဲ့တယ်လို့  တနင်္သာရီရိုးမအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကား ၃ စီးမှာတော့ တစီးကို  အင်အား ၁၀ ယောက်လောက်ရှိတယ်။ ရိက္ခာကားကို လိုက်ပို့တာလောက်ပဲရှိတယ်။ ရိက္ခာတွေကို ၃၀၆ တပ်နဲ့ ၅၅၇ တပ်မှာထားခဲ့တယ်။ ပြီးတော့ မြိတ်ကို ပြန်ဆင်းသွားတယ်။ ပြန်အဆင်းမှာလည်းကျနော်တို့ ပစ်ခတ်မှုလုပ်သေးတယ်။ ထိခိုက်မှုတော့မ သိရသေးဘူး။”

မေ ၂၀ ရက် မနက် ၆ နာရီကလည်း  ဇဝဲအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကောင်စီစစ်ကြောင်းကို  ရမ်းဖိုကျေးရွာအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့သလို မနက် ၉ နာရီမှာလည်း ရမ်းဖိုကနေ ကမ်းတိုကျေးရွာကို တောလမ်းကစစ်ကြောင်းထိုးလာစဥ် ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့  တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

“ထိခိုက်သူနဲ့ သေတဲ့သူတွေကို ညနေ ၆ နာရီခွဲမှာ လူနာတင်ယာဥ်တစီးနဲ့ အရပ်သားကား ၂ စီးက ဇဝဲဘက်ကနေ တက်လာပြီးသယ်ယူတယ်၊ မြိတ်ကိုဆင်းသွားတယ်။

ဒီတိုက်ခိုက်မှု ၂ ကြိမ်စလုံးကို KNLAတပ်ရင်း ၁၁ နဲ့ ဗိုလ်ခရင်းတပ်ဖွဲတို့ ကနေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေး ပါဘူး။

မေ ၂၀ ရက်ကလည်း ဘန်းလမွတ်ကျေးရွာကို စစ်ကြောင်းထိုး ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ဗုံးသီးနဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက် သေဆုံးခဲ့တယ်လို့ တောပုံးကြီးအဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လက်ရှိမှာတော့ ခမရ ၅၅၆ တပ်ရင်းကထွက်လာတဲ့လမ်းကင်းတွေနဲ့ ၃၀၆ အမြောက်တပ်ကထွက်လာတဲ့အင်အား ၅၀ လောက်ကလည်း ဘန်းလမွတ်၊ ပနပ်၊ ရမ်းဖိုနဲ့ ကမ်းတိုကျေးရွာတို့မှာ လမ်းကင်းချနေရာယူထားကြပြီး ပြန်မရုပ် သိမ်းသေးဘူးလို့ ‌တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013