Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင် အလုပ်ဝင်လုပ်သည့် တရုတ်နှင့် မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံရ 
DVB
·
May 22, 2025
Photo: matichon

 

ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားတွေသာ လုပ်ပိုင်ခွင့်ရှိတဲ့ အလုပ်တွေကို နိုင်ငံခြားသားတွေ ဝင်ရောက်လုပ်ကိုင်မှုနဲ့ပတ်သက်ပြီး စစ်ဆေးအရေးယူနေတာမှာ ထိုင်းတောင်ပိုင်း ဖူးကက်နဲ့ ဘန်ကောက် လူစည်ကားရာလမ်းပေါ်မှာ အလုပ်လုပ်နေတဲ့ တရုတ်နဲ့ မြန်မာနိုင်ငံသား အယောက် ၂၀ ကျော် ဖမ်းဆီးခံရပါတယ်။ 

ဖူးကက်ခရိုင်၊ ကထုမြို့နယ်၊ ပါတောင်းရပ်ကွက်၊ ဖရမေတ္တာလမ်းရှိ  Patong Buri Resort ဟိုတယ်သစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရုတ်နိုင်ငံသားတွေပါ ဝင်ရောက်လုပ်ကိုင်နေကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက် နယ်မြေရဲစခန်းက လိုအပ်သလို စုံစမ်းပြီး  မေ ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ ကမ္ဘာလှည့်ခရီးသွားကွပ်ကဲရေးရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက် စစ်ဆေးခဲ့တယ်လို့   MGROnline ထိုင်းသတင်းမှာ  ဖော်ပြပါတယ်။ 

စစ်ဆေးချက်အရ  အလည်အပတ်ဗီဇာနဲ့  ရောက်လာပြီး အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသား ၁၆ ဦးကို တွေ့ရှိတာကြောင့်  သူတို့ကို ကထုမြို့နယ် လဝကရဲစခန်းသို့ ခေါ်သွားပြီး  ခွင့်ပြုချက်မရဘဲ အလုပ်လုပ်ကိုင်မှု၊  ဥပဒေက တားမြစ်ထားတဲ့ လုပ်ငန်းအမျိုးအစားမှာ ဝင်ရောက်လုပ်ကိုင်မှုတွေနဲ့ အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

မေ ၂၀ တနေ့တည်းမှာပဲ ဘန်ကောက်မြို့လယ် လူစည်ကားရာ ခေါက်ဆန်လမ်း နဲ့  လာမ်းပူရီလမ်းကို အမှတ် ၁ ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ နဲ့ အလုပ်သမားရုံးတာဝန်ရှိသူတွေက  ည ၉ နာရီခွဲလောက်မှာ ရှောင်တခင် သွားရောက်စစ်ဆေးခဲ့ပါတယ်။ 

စစ်ဆေးချက်အရ အဆိုပါနေရာမှာ ပလာတာ၊ အိုက်စ်ကရင်၊ သစ်သီးဖျော်ရည် အစရှိတဲ့ အစားအစာတွေကို  တွန်းလှည်းနဲ့ လှည့်လည်ရောင်းချနေသူ၊ အချို့မှာ ကိုယ်ပိုင်ဆိုင်ဖွင့်ပြီးရောင်းချ နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေ တွေ့ရှိတယ်၊ ဥပဒေနဲ့ မညီညွတ်သူ အမျိုးသား ၈ ဦး ဖမ်းဆီးခံရတယ်၊ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၇ ဦး နဲ့ တူရကီနိုင်ငံသား ၁ ဦး ပါဝင်တယ်လို့ တာဝန်ရှိသူက ပြောပါတယ် ။ 

မြန်မာအလုပ်သမားထဲက ၄ ဦးမှာ ပတ်စပို့မရှိ၊ ထိုင်းနိုင်ငံထဲ တရားဝင် ဝင်ရောက်လာတဲ့ အထောက်အထားမရှိတာကြောင့် အလုပ်သမားဥပဒေအပြင် လဝက ဥပဒေ နဲ့ပါ အရေးယူခံရမယ်လို့ ဆိုပါတယ်။ 

တူရကီနိုင်ငံသားမှာတော့ စားသုံးသူတွေကြား ရေပန်းစားတဲ့ တူရကီစတိုင် အိုက်စ်ကရင် ရောင်းချနေတာဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာ အလည်အပတ်ဗီဇာနဲ့ နေထိုင်နေတာလို့ ဆိုပါတယ်။ သူ့ကိုလည်း ခွင့်ပြုချက်မရဘဲ အလုပ်လုပ်မှု၊  လုပ်ပိုင်ခွင့်မရှိတဲ့ လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်မှုနဲ့ အရေးယူသွားမယ်လို့  ခရိုင် ၁ လဝက ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

Source:  MGROnline / Matichon News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013