Home
နိုင်ငံတကာ
တောင်အာဖရိကတွင် လူဖြူမျိုးတုံးအောင် လုပ်နေဟု သမ္မတ ရာမာဖိုဆာကို ထရမ့်ပ် ပြော
DVB
·
May 22, 2025
Photo: Reuters

တောင်အာဖရိကနိုင်ငံမှာ လူဖြူတွေကို မျိုးတုံးအောင်လုပ်မှုနဲ့ ဝိုင်းဝန်းဖိနှိပ်မှုတွေ ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော်ကို ရောက်ရှိလာတဲ့ တောင်အာဖရိကသမ္မတ ဆိုင်ရီးလ် ရာမာဖိုဆာကို စွပ်စွဲ ပြောလိုက်ပြီး  ရုပ်သံဖိုင်တွေ၊ သတင်းစာရွက်တွေပါ ပြသခဲ့ပါတယ်။

မေ ၂၁ ရက်က အိမ်ဖြူတော်မှာ ခေါင်းဆောင် ၂ ယောက် တွေ့ဆုံစဉ် ထရမ့်ပ်ရဲ့ တောင်းဆိုမှုကြောင့် မီးပိတ်ပေးခဲ့အပြီးမှာ ပုံမှန်ဆိုရင် ဘဲဥပုံရုံးခန်းမှာ တပ်ဆင်ထားလေ့မရှိတဲ့ တီဗွီတလုံးမှာ  အဖြူရောင်လက်ဝါးကပ်တိုင်တွေပုံကို ပြသခဲ့ပါတယ်။

ထရမ့်ပ်က ဒါဟာ လူဖြူတွေကို မြှုပ်ထားတာလို့ ပြောခဲ့သလို တောင်အာဖရိက အတိုက်အခံခေါင်းဆောင်တွေရဲ့ မီးထိုးပေးတဲ့ မိန့်ခွန်းတွေကိုပါ ပြသခဲ့ပါတယ်။

ဒီဗီဒီယိုဟာ လူ ၂ ယောက် သူတို့ပိုင်တဲ့ လယ်တောမှာ အသတ်ခံရပြီးတဲ့နောက် ဖြစ်ပွားတဲ့ ၂၀၂၀ ဆန္ဒပြပွဲမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။

အဲဒီလက်ဝါးကပ်တိုင်တွေဟာ တကယ်တမ်းမှာ အုတ်ဂူအစစ်တွေမဟုတ်ဘဲ နှစ်များစွာအတွင်း အသတ်ခံခဲ့ရတဲ့ လယ်သမားတွေကို ကိုယ်စားပြု သရုပ်ဖော်ထားတာလို့ ဆန္ဒပြပွဲ စီစဉ်သူတယောက် ကိုယ်တိုင် ပြောကြားထားခဲ့ဖူးပါတယ်။

“သူတို့တွေ ဝိုင်းဝန်းဖိနှိပ်ခံရတယ်လို့ ခံစားမိတဲ့သူတွေ အများကြီးရှိနေပါတယ်။ အဲဒါနဲ့ သူတို့တွေ အမေရိကန်ကို လာကြတယ်ပေါ့။ ဝိုင်းဝန်းဖိနှိပ်ခံရရင်၊ လူမျိုးတုံး ဂျီနိုဆိုက်တွေ ဖြစ်နေတယ်လို့ ကျုပ်တို့ ခံစားမိရင်၊ နေရာအများကြီးကနေ ကျုပ်တို့ လက်ခံပေးထားပါတယ်” လို့ ထရမ့်ပ်က ပြောကြားခဲ့ပြီး လူဖြူလယ်သမားတွေကို အဓိက ရည်ညွှန်းခဲ့ပါတယ်။

“လူတွေဟာ သူတို့ဘေးကင်းရေးအတွက် တောင်အာဖရိကကနေ ထွက်ပြေးလာကြတယ်။ သူတို့လယ်တွေ အသိမ်းခံရတယ်။ ဖြစ်စဉ်အများအပြားမှာ သူတို့တွေ အသတ်ခံခဲ့ရတယ်” လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

တောင်အာဖရိကမှာ လူဖြူတွေကို လူမျိုးတုံးရှင်းလင်းနေတယ်ဆိုတဲ့ အယူအဆဟာ ကမ္ဘာတလွှားက လက်ယာစွန်း အသိုင်းအဝိုင်းမှာ ပျံ့နှံ့နေခဲ့တာ ဖြစ်ပါတယ်။

ဒီအယူအဆကို ထရမ့်ပ်နဲ့အတူ ဘဲဥပုံရုံးခန်းမှာ ရှိနေခဲ့တဲ့ တောင်အာဖရိကမှာ မွေးတဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ကလည်း ထောက်ခံထားပါတယ်။

တောင်အာဖရိကမှာ ကိုလိုနီခေတ်တလျှောက် လူဖြူတွေက လူမည်းတွေအပေါ် ဆိုးရွားရက်စက်စွာ ဖိနှိပ်တဲ့ အပါသိုက် စနစ် ရှိခဲ့ဖူးပါတယ်။

ဒီဘက်ခေတ်မှာ အပါသိုက်စနစ်ရဲ့ မမျှတမှုတွေကို ပြင်ဆင်ဖို့ ရည်ရွယ်တဲ့ ဥပဒေသစ်အရ အများပြည်သူ အကျိုးစီးပွားအတွက် လျော်ကြေးမပေးဘဲ မြေယာပြန်လည်ခွဲဝေပေးတာမျိုးကို ခွင့်ပြုပေးထားပါတယ်။

“အာဖရိကန်းနားစ် လူဖြူလယ်သမားတွေကိုသာ လူမျိုးတုံးရှင်းနေရင်၊ ကျုပ်လောင်းရဲတယ်၊ အခု လူကြီးလူကောင်းသုံးယောက် ဒီမှာရှိနေမှာမဟုတ်ဘူး” လို့ ရာမာဖိုဆာက တုံ့ပြန်ခဲ့ပြီး သူနဲ့အတူ တောင်အာဖရိက ကိုယ်စားလှယ်အဖွဲ့မှာ ပါလာတဲ့ နာမည်ကျော် ဂေါက်သီးကစားသမား ၂ ယောက်နဲ့ ဘီလီယံနာ စီးပွားရေးလုပ်ငန်းရှင်တယောက်ကို ထောက်ပြခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ပ်က “ကျုပ်တို့က ဒီလိုသတင်းတွေ အများကြီးရှိတယ် ပြောနေတာ။ မှတ်တမ်းရုပ်ရှင်တွေလည်းရှိတယ်၊ သတင်းတွေလည်းရှိတယ်။ ဒါတွေကို တုံ့ပြန်ရမယ်လေ” လို့ တုံ့ပြန်ခဲ့ပါတယ်။

ထရမ့်ပ်က “အပါသိုက်စနစ်ဟာ အင်မတန်ဆိုးတယ်လို့ ပြောရမှာပါ။ အခု ဒီဟာကကျတော့ အဲဒီအပါသိုက်ရဲ့ ဆန့်ကျင်ဘက်ပုံစံ ပြန်ဖြစ်နေတာ” လို့ပါ ဝေဖန်ခဲ့ပါတယ်။

တောင်အာဖရိကသမ္မတကတော့ သူ့နိုင်ငံမှာ ဘယ်လို ဂျီနိုဆိုက် လူမျိုးတုံးမှုမျိုးမှ ရှိမနေဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013