Home
နိုင်ငံတကာ
ကမ်မလာဟဲရစ်ကို ထောက်ခံခဲ့သည့် ဆယ်လီများကို စုံစမ်းစစ်ဆေးရန် ထရမ့်ပ် တောင်းဆို
DVB
·
May 20, 2025
Photo: Reuters

၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက် ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟဲရစ်ကို ထောက်ခံခဲ့သူတွေကို စုံစမ်းစစ်ဆေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်းဆိုလိုက်ပါတယ်။

ဘီယွန်းဆေး၊ ဘရုစ်စပရင်းစတင်းနဲ့ တခြား ထင်ရှားကျော်ကြားသူတချို့ဟာ ဟဲရစ်ကို ထောက်ခံဖို့ ဒေါ်လာသန်းချီ ရခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး အကြီးစား စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ သူ့လူမှုကွန်ရက် Truth Social မှာ ရေးသားတောင်းဆိုခဲ့တာပါ။

ဘီယွန်းဆေးဟာ ဟဲရစ်ရဲ့ မဲဆွယ်ပွဲမှာ လူလုံးလာပြဖို့ အမေရိကန်ဒေါ်လာ ၁၁ သန်း ရခဲ့တယ်လို့ ထရမ့်ပ်က စွပ်စွဲခဲ့ပေမဲ့ သူ့စွပ်စွဲချက်အတွက် သက်သေအထောက်အထား တစုံတရာ မဖော်ပြခဲ့ပါဘူး။ ဒီမိုကရက်တစ်ပါတီ မဲဆွယ်အဖွဲ့ကလည်း ငြင်းထားပါတယ်။

ထရမ့်ပ်က ဒီလိုပေးချေမှုတွေဟာ တရားမဝင် မဲဆွယ်ထည့်ဝင်ရာ ရောက်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက ဟဲရစ် မဲဆွယ်ပွဲမှာ ဘီယွန်းဆေးဟာ စင်ပေါ်တက်ရုံလေး တက်ပြီးတော့ မဖျော်ဖြေဘဲ သီချင်းလေးတပုဒ်ပဲ ဆိုပြီး မြန်မြန်ပြန်ဆင်းသွားလို့ အလှောင်ပြောင်ခံခဲ့ရတယ်လို့လည်း ထရမ့်ပ်က စွပ်စွဲထားပါတယ်။

“ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ကိုထောက်ခံကြောင်း ဖော်ပြချက်တွေအတွက် ပိုက်ဆံပေးလို့ မရပါဘူး။ ကမ်မလာက ဖျော်ဖြေရေးအတွက် ပိုက်ဆံပေးတယ်လို့ လှည့်ဖျားပြီးတော့ အဲဒီလိုလုပ်ခဲ့ပါတယ်” လို့ ထရမ့်ပ်က စွပ်စွဲခဲ့သလို လူလာနည်းလို့ လူပြည့်အောင် အတုအယောင်နည်းနဲ့ လုပ်ခဲ့တာ၊ ဒါ တရားမဝင်ဘူးလို့လည်း ထရမ့်ပ်က ရေးသားထားပါတယ်။

မဲဆွယ်ပွဲကာလမှာ နာမည်ကျော် ရုပ်သံစီစဉ်တင်ဆက်သူ အော်ပရာဝင်းဖရေးရဲ့ ထုတ်လုပ်ရေး ကုမ္ပဏီဟာ ဟဲရစ် မဲဆွယ်အဖွဲ့ဆီကနေ ဒေါ်လာ ၁ သန်း ရခဲ့ပါတယ်။ ဒီပိုက်ဆံဟာ ဝင်းဖရေးရဲ့ ထုတ်လုပ်ရေးကုမ္ပဏီက မဲဆွယ်ပွဲတခု စီစဉ်ပေးတဲ့အတွက် ရရှိတဲ့ ဝန်ဆောင်ခသာ ဖြစ်တယ်လို့ ဝင်းဖရေးက ဖြေရှင်းထားပါတယ်။

ဟဲရစ်ရဲ့ မဲဆွယ်အဖွဲ့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်တဲ့ အဖွဲ့တခုဆီ ပေးပို့တဲ့ ဘဏ္ဍာရေးရှင်းတမ်းမှာ ထောက်ခံကြောင်း ဖော်ပြချက်တွေနဲ့ ပတ်သက်တဲ့ အသုံးစရိတ် ဒေါ်လာ ၇၅ သန်းလို့ ဖော်ပြထားတာ ရှိနေပါတယ်။

နာမည်ကျော် အဆိုတော်ကြီး စပရင်းစတင်းက အမိမြေမှာ အကျင့်ပျက် အရည်အချင်းမရှိ၊ သစ္စာမရှိတဲ့ အစိုးရမျိုး အုပ်ချုပ်တာ ခံနေရပြီလို့ ဗြိတိန်မှာ ဖျော်ဖြေတဲ့အချိန် ထည့်ပြောခဲ့ပါတယ်။

အဲဒါကြောင့် ထရမ့်ပ်က ပြီးခဲ့တဲ့အပတ်ကလည်း “ဟဲရစ်အတွက် ဖျော်ဖြေပေးတုန်းက ဘယ်လောက်ရသလဲမသိဘူး၊ ဟဲရစ် ပရိသတ်ဆိုရင် ဘာလို့ ပိုက်ဆံယူခဲ့တာလဲ” လို့လည်း စပရင်းစတင်းကို ဝေဖန်ခဲ့ပါတယ်။

ဟဲရစ်ကို ထောက်ခံခဲ့တဲ့ တေလာဆွစ်ဖ်ကိုလည်း “ကျုပ် တေလာဆွစ်ဖ်ကို မုန်းသွားကတည်းက သူ သိပ်ရေပန်းမစားတော့ဘူးဆိုတာ သတိထားမိကြလားမသိဘူး” လို့လည်း ထရမ့်ပ်က ပြီးခဲ့တဲ့အပတ်မှာ ရေးသားခဲ့ပါသေးတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013