Home
နိုင်ငံတကာ
ပါကစ္စတန်တွင် ကျောင်းကား ၁ စီး ဗုံးခွဲခံရပြီး ကလေးငယ် ၄ ဦး အပါအဝင် ၆ ဦး သေဆုံး
DVB
·
May 22, 2025
Photo: Reuters

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ် ခုဇ်ဒါခရိုင်မှာ အသေခံဗုံးခွဲသမားက ကျောင်းကားတစီးကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ကလေး ၄ ယောက် အပါအဝင် ၆ ယောက် သေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဘာလိုချီစတန်ပြည်နယ် ဝန်ကြီးချုပ် ဆာဖရက်ဇ် ဘူဂ်တီက သတင်းစာရှင်းလင်းပွဲအတွင်းမှာ ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အပြစ်မဲ့ ကျောင်းသားလေးတွေကို ပစ်မှတ်ထားတာဟာ အလွန်နိမ့်ကျတဲ့ ရန်သူရဲ့လုပ်ရပ်လို့လည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုအတွင်း ကလေးငယ် ၄ ယောက်၊ ဘတ်စ်ကားမောင်းသူနဲ့ သူ့လက်ထောက်တို့ သေဆုံးခဲ့ကြောင်းလည်း ဆိုပါတယ်။

သေဆုံးသူ အရေအတွက်ကို ကနဦးပိုင်းက ၅ ယောက်လို့ ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ၆ ယောက် ဖြစ်သွားပြီလို့ ထပ်မံအတည်ပြုထားပါတယ်။

စစ်တပ်အုပ်ချုပ်တဲ့ ကျောင်းကို ဦးတည်သွားနေတဲ့ ဘတ်စ်ကားပေါ်မှာ ကျောင်းသားအယောက် ၄၀ လောက် လိုက်ပါလာခဲ့ကြကြောင်းနဲ့ အများအပြား ဒဏ်ရာရသွားခဲ့ကြကြောင်း အခင်းဖြစ်ပွားတဲ့နေရာကို ရောက်ရှိနေတဲ့  ခုဇ်ဒါ ခရိုင်အုပ်ချုပ်ရေးမှူး ယာဆီယာ အစ်ဂ်ဘာလ်က ပြောပါတယ်။

ပါကစ္စတန်စစ်တပ်နဲ့ ၀န်ကြီးချုပ် ရှယ်ဘတ်ဇ် ရှရစ်ဖ် တို့က အကြမ်းဖက်မှုကို ရှုတ်ချပြီး ဒီတိုက်ခိုက်မှုမှာ အိန္ဒိယ အကြမ်းဖက်သမားတွေ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ နယူးဒေလီနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထားတွေကိုတော့ မမျှဝေခဲ့ကြပါဘူး။

အိန္ဒိယအစိုးရကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013