Home
နိုင်ငံတကာ
ပါကစ္စတန်နျူလက်နက်များကို IAEA တာဝန်ယူသင့်ဟု အိန္ဒိယ ပြော
DVB
·
May 16, 2025
Photo: ANI

နျူကလီးယားလက်နက်ပိုင်ရှင် အိမ်နီးချင်း အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား နှစ်ပေါင်း ၃၀ နီးပါးအတွင်း အဆိုးရွား အပြင်းထန်ဆုံး စစ်ရေးအကျပ်အတည်းကို အဆုံးသတ်ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နာ့သ်ဆင်းန်က နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ဟာ ပါကစ္စတန်ရဲ့ နျူကလီးယား လက်နက်တွေကို တာဝန်ယူသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီလို စည်းကမ်းမဲ့တဲ့ အရိုင်းအစိုင်းနိုင်ငံရဲ့ လက်ထဲမှာ နျူကလီးယားလက်နက်တွေ လုံခြုံရဲ့လား” လို့ အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရ်ှမီးယားပြည်နယ်ရဲ့ နွေရာသီမြို့တော် ဆရီနဂါမှာ စစ်သားတွေကို ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နာ့သ် ဆင်းန်က မိန့်ခွန်းပြောခဲ့တာပါ။

ပါကစ္စတန်ရဲ့ နျူကလီးယားလက်နက်တွေကို IAEA ရဲ့ ကြီးကြပ်မှုအောက်မှာ ထားရှိသင့်တယ်လို့ ယူဆကြောင်းလည်း ဆိုပါတယ်။

စစ်သွေးကြွတွေကို ဆန့်ကျင်တဲ့ အိန္ဒိယရဲ့ ဆုံးဖြတ်ချက်က အရမ်းခိုင်မာပြီး ပါကစ္စတန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီးလည်း အိန္ဒိယက ဂရုမစိုက်ဘူးလို့လည်း ဆိုပါတယ်။

အိန္ဒိယကို နျူကလီးယား ခြိမ်းခြောက်မှုတွေ အကြိမ်ပေါင်းများစွာ တာဝန်မဲ့ ထုတ်ပြန်ခဲ့ကြတာကိုလည်း တကမ္ဘာလုံးအမြင်ပါပဲလို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဆင်းန်ရဲ့ မှတ်ချက်အပေါ် ပါကစ္စတန်ဘက်က ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံဘက် ကက်ရှ်မီးယားမှာ ပါကစ္စတန်က ကျောထောက်နောက်ခံ ပြုထားတယ်လို့ ဆိုတဲ့ လူ ၂၆ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်ရှိ အကြမ်းဖက်စခန်းတွေကို အိန္ဒိယက ဗုံးကြဲခဲ့ပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်ကတော့ ရန်သူတော်ဟောင်းကြီးတွေအကြား အသေအပျောက်များတဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

အစ္စလာမာဘတ်ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး နှစ်နိုင်ငံစလုံးဟာ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ဟိုဘက်ဒီဘက် လေပိုင်နက်အတွင်းကို အပြန်အလှန် စေလွှတ်ခဲ့ပြီး နောက်ပိုင်း မေ ၁၀ ရက်မှာတော့ အပစ်အခတ် ရပ်စဲရေးကို သဘောတူခဲ့ကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013