Home
မြန်မာသတင်း
ကျောက်ဆည်တွင် မီးလောင်မှုကြောင့် လူ ၄ ဦးသေ
DVB
·
May 22, 2025
Photo: ကျောက်ဆည်လူမှုကူညီရေးအသင်း၊ မီးသတ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဘောဂဝတီအုပ်စု၊ ဆီဆုံရပ်ကွက်မှာ မေ ၂၂ ရက် မနက်အစောပိုင်း ၁ နာရီ မိနစ် ၅၀ လောက်က ဝါယာရှော့ဖြစ် မီးလောင်မှုကြောင့် အိမ် ၁ လုံး ပျက်စီးပြီး လူ ၄ ယောက် သေဆုံးခဲ့တယ်လို့ မြို့နယ်မီးသတ်အဖွဲ့က ပြောပါတယ်။

မီးလောင်မှုဟာ အိမ်အောက်ထပ်ရှိ ရေခဲသေတ္တာကနေ ဝါယာကြိုးအပူလွန်ကဲရာမှ စတင်ခဲ့တာဖြစ်ပြီး တိုက်ခံ ပျဉ်ခင်း ၂ ထပ်အဆောက်အဦ တခုလုံးကို ကူးစက်သွားတာ ဖြစ်ပါတယ်။

မြို့ခံလူမှုကူညီရေးအသင်းက “ ရဲဆေးစာမှာတော့ ရေခဲသေတ္တာကနေ မီးလောင်တယ်လို့ တွေ့ရပါတယ်။ မြင်ခဲ့ရ‌သလောက် အမျိုးသမီး ၄ ဦး သေဆုံးပါ။ ဆရာမကြီးတွေ နေတဲ့ အိမ်လို့ သိရပါတယ်။ မနက် ၂ နာရီ ၂၅ မိနစ်လောက်မှာ ငြိမ်းပါတယ်။ အိမ်က တလုံးတည်းပါ”လို့ ဆိုပါတယ်။

မီးလောင်မှုအတွင်း တအိမ်တည်းနေ မိသားစုဝင်တွေဖြစ်ကြတဲ့ အသက် ၉၃ နှစ်အရွယ် ဒေါ်တင်အောင်၊ အငြိမ်းစားပညာရေးဝန်ထမ်းဖြစ်သူ အသက် ၇၅ နှစ်အရွယ် ဒေါ်ထွေးထွေး၊ အငြိမ်းစားပညာရေးဝန်ထမ်းဖြစ်သူ အသက် ၆၆ နှစ်အရွယ် ဒေါ်နွယ်နွယ်ဦး၊ ပညာရေးဝန်ထမ်းဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်သူဇာတို့ မီးလောင် သေဆုံးခဲ့ကြပါတယ်။

မီးလောင်မှု‌နေရာကို မြို့နယ်မီးသတ်က မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြလို့ မနက်အစောပိုင်း ၂ နာရီ ၂၅ မိနစ်လောက်မှာ မီးငြိမ်းသွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာအဖွဲ့တွေက စစ်ဆေးတွက်ချက်နေဆဲဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013