Home
မြန်မာသတင်း
မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေ
DVB
·
May 22, 2025

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်စပ်မှာရှိတဲ့ မိုးဗြဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ကရင်နီပြည်အမျိုးသားများကာကွယ်ရေးတပ် (KNDF)  ပြန်ကြားရေးတာဝန်ခံက မေ ၂၁ ရက်က ပြောပါတယ်။

မိုးဗြဲကိုရဖို့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက မြေပြင်ကနေ စစ်ကြောင်းထိုးတာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

KNDF ပြန်ကြားရေးတာဝန်ခံက "မိုးဗြဲမှာ တိုက်ပွဲတွေပြင်းထန်နေတယ်။ စစ်ကောင်စီဘက်က အင်အားတွေ အလွန်အကျွံသုံးပြီးမှ ထိုးစစ်ဆင်နေတယ်ပေါ့နော်။ ဒရုန်းတွေ လက်နက်ကြီးတွေ အဆမတန်သုံးပြီးတော့တိုက်ခိုက်နေတယ်။ အဆိပ်ငွေ့ဗုံးတွေလည်းပါတယ်။ မီးလောင်ဗုံးတွေ လည်းပါတယ်။ မိုးဗြဲမြို့ထဲကနေအိမ်အချို့လည်း စစ်ကောင်စီရဲ့ မီးလောင်ဗုံးတွေကြောင့် ပျက်စီးခဲ့ရတာရှိတယ်"လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလလောက်ကစပြီး စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က မိုးဗြဲ ၄၂၂ တပ်ကနေ အင်အားသုံး စစ်ကြောင်းထိုးနေတဲ့အတွက် နေ့တိုင်းနီးပါးတိုက်ပွဲတွေ ဖြစ်နေပြီး နှစ်ဘက်အထိအခိုက်အကျအဆုံးတွေလည်း ရှိနေတာပါ။

စစ်ကောင်စီတပ်က မိုးဗြဲကိုရချင်တဲ့အတွက် အပြင်းအထန်ထိုးစစ်ဆင်နေပြီး တော်လှန်ရေးအင်အားစုကလည်း ထိုးစစ်ကို ခုခံကာကွယ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလလောက်ကစပြီး ဖယ်ခုံဘက်ကနေတဆင့် မိုးဗြဲဘက်ကို စစ်အင်အားဖြည့်တင်းပြီး တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ မိုးဗြဲကို စစ်ကြောင်းထိုးဖို့ စတင်လာတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013