Home
နိုင်ငံတကာ
Golden Dome ကာကွယ်ရေးစနစ် အစီအစဉ် ထရမ့်ပ် ကြေညာ
DVB
·
May 21, 2025
Photo: Reuters

ဒုံးကာကွယ်ရေးစနစ်အတွက် အနာဂတ် Golden Dome အစီအစဉ်နဲ့ ဦးဆောင်မယ့်သူကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော်မှာ ကြေညာလိုက်ပါတယ်။

ဒီအစီအစဉ်ကို သူ့သမ္မတသက်တမ်း အကုန်မှာ စတင်လည်ပတ်မှာဖြစ်တဲ့ အကြောင်းလည်း ပြောပါတယ်။

ထရမ့်ပ်ဟာ ဒုတိယအကြိမ် သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် ရက်အနည်းငယ် အကြာမှာပဲ ဘယ်လစ်စတစ်နဲ့ ခရုစ်ဒုံးကျည် စတဲ့ အနာဂတ်လေကြောင်း ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

Golden Dome အတွက် ဘတ်ဂျက်အသစ်ကို ကနဦး ဒေါ်လာ ၂၅ ဘီလီယံ လျာထားပေမဲ့ ဆယ်စုနှစ်တွေ ကျော်လာတဲ့အခါမှာ ဒီထက်ပိုပြီး ကုန်ကျမယ်လို့လည်း ခန့်မှန်းထားပါတယ်။

အမေရိကန်မှာ လက်ရှိအသုံးပြုနေတဲ့ စနစ်တွေက ရန်သူတွေရဲ့ ခေတ်မီလက်နက်တွေကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

Golden Dome ဒုံးကာကွယ်ရေးစနစ် တည်ဆောက်မှုကို အာကာသတပ် ဗိုလ်ချုပ်ကြီး မိုက်ကယ် ဂတ်လိုင်းက ဦးဆောင်မယ်လို့ ထရမ့်ပ်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ဂတ်လိုင်းဟာ လက်ရှိ အာကသတပ်ဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ သမ္မတအဖြစ် ပြန်တာဝန်ယူပြီး ၇ ရက်အကြာမှာပဲ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဟန့်တားနိုင်မယ့် အစီအစဉ်တခု ပြုလုပ်ဖို့ ကာကွယ်ရေးဌာနကို ညွှန်ကြားခဲ့ပါတယ်။

အမေရိကန်က တည်ဆောက်မယ့် ကာကွယ်ရေးစနစ်မှာ အာကာသကို အခြေခံတာ၊ ဆင်ဆာနဲ့ ကြားဖြတ်တိုက်လေယာဉ်တွေ ပါဝင်ပြီး ကြည်း၊ ရေ၊ လေတို့အပြင် အာကာသက ပစ်လွှတ်တဲ့ ဒုံးတွေကိုပါ ကာကွယ်မှုတွေပါတဲ့  မျိုးဆက်သစ်နည်းပညာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီစနစ်ကို ကနေဒါ ကာကွယ်ရေးဝန်ကြီးကလည်း စိတ်ဝင်စားတဲ့အကြောင်း လည်း သိရပါတယ်။

ထရမ့်ပ်က “အာတိတ် အပါအဝင် လာမယ့် ခြိမ်းခြောက်မှုတွေကို သတိပြုဖို့နဲ့ ကနေဒါနိုင်ငံဟာ ဒေသတွင်းမှာ ဘာတွေဖြစ်မယ်ဆိုတာ သိရမှာပါ” လို့ ထရမ့်ပ်က ပြောပါတယ်။

အမေရိကန်က ပြုလုပ်မယ့် ဒုံးခွင်းစနစ်ဟာ ၂၀၁၁ ခုနှစ်က အစ္စရေးရဲ့ ဒုံးလက်နက်တွေကို ကာကွယ်တဲ့ Iron Dome ပုံစံ ယူထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ထရမ့်ပ်က အမေရိကန်ကလုပ်မယ့် ဒုံးကာကွယ်ရေးစနစ်ဟာ ဘယ်သူမှ မလုပ်ဘူးသေးတဲ့ပုံစံ ဖြစ်တယ်လို့လည်း ပြောပါတယ်။

Golden Dome ဟာ ရန်သူတွေရဲ့ စတင်တိုက်ခိုက်မှု မတိုင်ခင်နဲ့ ဒုံးလက်နက်တွေ လေထဲမှာ ရောက်နေချိန် စတဲ့ အခြေအနေအမျိုးမျိုးမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်မယ်လို့ အမေရိကန် အစိုးရအဖွဲ့က ပြောထားဖူးပါတယ်။

အသံထက်မြန်တဲ့ ဒုံးတွေကိုလည်း ကာကွယ်နိုင်မှာဖြစ်တဲ့ ဒီအစီအစဉ်ဟာ ကနဦး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၅ ဘီလီယံရှိကာ ပြီးဆုံးချိန်မှာ ဒေါ်လာ ၁၇၅ ဘီလီယံ ရှိမှာဖြစ်ပါတယ်။

နှစ် ၂၀ ကျော်တဲ့ အချိန်မှာတော့ အာကာသအခြေစိုက် စနစ်တခုတည်းတင် ဒေါ်လာ ၅၄၂ ဘီလီယံအထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013