Home
နိုင်ငံတကာ
ကိုလံဘီယာမှလာသည့် လေကြောင်းအားလုံးကို ဆိုင်းငံ့ထားရန် ဗင်နီဇွဲလား ညွှန်ကြား
DVB
·
May 21, 2025
Photo: RCN TV / COLOMBIAN FOREIGN MINISTRY WEBSITE

ဗင်နီဇွဲလားနိုင်ငံကို ကိုလံဘီယာမှတဆင့် ရောက်ရှိလာတဲ့ နိုင်ငံခြားသား ၁၇ ယောက် အပါအဝင် လူ ၃ ဒါဇင်ကျော်ကို ပူးပေါင်းကြံစည်မှု သံသယနဲ့ ဖမ်းဆီးခဲ့ပြီးနောက်မှာ ကိုလံဘီယာကနေ ဗင်နီဇွဲလားကိုဝင်မယ့် လေကြောင်းခရီးစဉ် အားလုံးကို ဆိုင်းငံ့ထားဖို့ ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး ဒီယို့စ်ဒါးဒိုး ကာဘယ်ယိုက မေ ၁၉ ရက်မှာ ပြောပါတယ်။

ဒီအမိန့်ဟာ ချက်ချင်းအကျုံးဝင်ပြီး ဗင်နီဇွဲလားမှာ ဥပဒေပြုရေးနဲ့ လွှတ်တော်အမတ် ရွေးကောက်ပွဲတွေ ကျင်းပချိန် မေ ၂၅ ရက်အထိသာမက သေချာပေါက် သက်တမ်းထပ်တိုးနိုင်တယ်လို့လည်း ပြည်တွင်းမီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။

ဗင်နီဇွဲလား အာဏာပိုင်တွေဟာ ပူးပေါင်းကြံစည်မှုတွေနဲ့ သမ္မတ နိကိုလပ်စ် မာဒူရို၊ နိုင်ငံတော် မဟာဓာတ်အားလိုင်းနဲ့ တခြားပစ်မှတ်တွေကို တိုက်ခိုက်ဖို့ စီစဉ်မှုတွေကို မကြာခဏ ရှုတ်ချထားတာပါ။

ဗင်နီဇွဲလားသမ္မတ နိကိုလပ်စ် မာဒူရိုက “ကြေးစားစစ်သားအသစ် ၃၈ ဦးကို ဖမ်းဆီးထားပါတယ်။ အီကွေဒေါကို အုပ်ချုပ်တဲ့ အယ်လ်ဘေးနီးယား မာဖီးယားတွေက ဗင်နီဇွဲလားမှာ ဗုံးကြဲဖို့ သူတို့ရဲ့ လေ့ကျင့်သင်ကြားထားတဲ့ ကြေးစားစစ်သားတချို့ကို စေလွှတ်ခဲ့တာဖြစ်တယ်” လို့ ပြောပါတယ်။

သူတို့ဆီက ဖုန်း ၃ လုံးကို သိမ်းဆည်းထားပြီး သူတို့ စကားပြောထားကြတယ်လို့ ဆိုပါတယ်။

“အီကွေဒေါက အယ်လ်ဘေးနီးယား မာဖီးယားတွေ၊ အယ်လ်ဘေးနီးယန်း-ကိုလံဘီယာ မူးယစ်ကုန်ကူးမှုနဲ့ အီကွေဒေါရှိ သမ္မတ နိုဘိုအာ၊ အီကွေဒေါအစိုးရအကြံပေး ပုဂ္ဂလိက လုံခြုံရေးအတိုင်ပင်ခံ အဲရစ်ခ်ပရင့်စ် တို့ကို ထည့်တွေးကြည့်ရမှာဖြစ်ပြီး အဲရစ်ခ်ပရင့်စ်က အဲဒီမှာ ရှိနေတယ်ဆိုရင် မြောက်အမေရိက အင်ပါယာကလည်း အဲဒီမှာ ရှိနေလို့ပဲ” လို့လည်း သမ္မတ မာဒူရိုက ပြောကြားပါတယ်။

ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

ဗင်နီဇွဲလားအစိုးရက လေယာဉ်ပျံသန်းမှု ဆိုင်းငံ့ထားကြောင်း အကြောင်းကြားထားပေမဲ့ ဖမ်းဆီးခံထားရတဲ့ ကိုလံဘီယာနိုင်ငံသားတွေအကြောင်း သတင်းအချက်အလက်တွေကို မရရှိသေးကြောင်း မေ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

အမျိုးသားလုံခြုံရေးအတွက် အထွေထွေနဲ့ စီးပွားရေးဆိုင်ရာ လေကြောင်းပျံသန်းမှုတွေကို ဆိုင်းငံ့လိုက်တာ ဖြစ်ပေမဲ့ ကုန်တင်လေယာဉ်တွေကိုတော့ ပုံမှန်အတိုင်း ဆက်လက် လည်ပတ်သွားမယ်လို့ ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီအစီအမံကလည်း မေ ၂၆ ရက် ညနေ ၆ နာရီအထိ အကျုံးဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013