Home
နိုင်ငံတကာ
ပီရူးမိုင်းလုပ်သားများအား သတ်ဖြတ်မှုဖြင့် သံသယရှိသူကို ကိုလံဘီယာတွင် ဖမ်းမိ
DVB
·
May 16, 2025
Photo: COLOMBIAN POLICE HANDOUT / PERUVIAN NATIONAL POLICE HANDOUT

ပီရူးနိုင်ငံမြောက်ပိုင်း ပါတက်ဇ်ခရိုင်မှာ မိုင်းတွင်းလုပ်သား ၁၃ ယောက် အသတ်ခံရမှုမှာ သံသယရှိသူတယောက်ကို မေ ၁၅ ရက်က ကိုလံဘီယာနိုင်ငံမှာ ဖမ်းဆီးမိခဲ့ကြောင်း ပီရူးပြည်ထဲရေး၀န်ကြီးဌာနက ပြောခဲ့ပါတယ်။

မိုင်းတွင်းလုပ်သား ၁၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို ပါတက်ဇ်ခရိုင်ရှိ မိုင်းတွင်းတခုမှာ ပြီးခဲ့တဲ့ မေ ၄ ရက်က တူးဖော်ရရှိခဲ့တာပါ။

ပီရူးနဲ့ ကိုလံဘီယာ အမျိုးသားရဲတပ်ဖွဲ့နဲ့ အင်တာပိုလ်တို့အကြား ထောက်လှမ်းရေးလုပ်ငန်းနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့အပြီးမှာ မစ်ဂဲလ် ရော်ဒရီဂတ်ဇ် ခေါ် ကူချီယို ဆိုတဲ့ အမျိုးသားကို ဖမ်းဆီးထားကြောင်း ပီရူးပြည်ထဲရေး၀န်ကြီးဌာနရဲ့ X ပို့စ်မှာ ပြောထားပါတယ်။

ရဲတပ်ဖွဲ့နဲ့ လုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်တွေအရ အခုလအစောပိုင်းမှာ ပီရူးနိုင်ငံမြောက်ပိုင်းရှိ ရွှေတွင်းတခုက အလုပ်သမားတွေကို ရာဇ၀တ်ဂိုဏ်းတွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တရားမဝင် မိုင်းလုပ်သားတွေက ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့တာဖြစ်ပြီး အဲဒီနယ်မြေဟာ နယ်မြေလု အကြမ်းဖက်မှု လှိုင်းလုံးတွေ မြင့်မားနေတာကြောင့် အစိုးရတပ်နေရာ တည်ထောင်ထားဖို့ တွန်းအားပေးနေတဲ့ နေရာလည်း ဖြစ်ပါတယ်။

သံသယရှိသူဘက်က ရှေ့နေ ကယ်ဗင် ဒီယာ့ဇ် ကတော့ သူ့အမှုသည်ဟာ ဗင်နီဇွဲလားမှာ ရက်အနည်းငယ်ကြာ နေခဲ့ပြီးမှ ကိုလံဘီယာကို ပြန်လာချိန်မှာ အဖမ်းခံရတာဖြစ်ကြောင်း ဆိုပါတယ်။

ရော်ဒရီဂတ်ဇ်ဟာ ဒီသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ဒေသတွင်း ရုပ်မြင်သံကြားဌာနတခုနဲ့ အင်တာဗျူးတခုမှာ ငြင်းဆိုခဲ့ပါတယ်။

ပီရူးမှာ အဓိကအားဖြင့် ရွှေကို တရားမ၀င် တူးဖော်မှုတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုထက် ငွေကြေးပိုရလွယ်ပြီး တနှစ်ကို ဒေါ်လာ ၃ ဘီလီယံနဲ့ ၄ ဘီလီယံကြားရှိကြောင်း အစိုးရက ဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013