Home
နိုင်ငံတကာ
အစ္စရေး တိုက်ခိုက်မှုကြောင့် ဂါဇာတွင် လူ ၆၀ သေဆုံး၊ ဂါဇာထိုးစစ်ရပ်ရန် ၃ နိုင်ငံ တိုက်တွန်း
DVB
·
May 20, 2025
Photo: REUTERS/Hatem Khaled

ဂါဇာကမ်းမြောင်တောင်ပိုင်း ခန်းယူနစ်မြို့က ပါလက်စတိုင်းတွေ ထွက်ပြေးဖို့ အစ္စရေးစစ်တပ်က အမိန့်ပေးခဲ့ပြီးတဲ့နောက် သန်းခေါင်ယံကတည်းကနေ မွန်းတည့်ချိန်ထိ ဂါဇာကို အစ္စရေးတပ်ဖွဲ့တွေက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၆၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက မေ ၂၀ ရက် မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဂါဇာကမ်းမြောင်မှာ တကျော့ပြန် ထိုးစစ်ကို မရပ်ရင် အစ္စရေးကို အခိုင်အမာ အရေးယူမယ်လို့ ကနေဒါ၊ ပြင်သစ်နဲ့ ဗြိတိန် ခေါင်းဆောင်တွေက ခြိမ်းခြောက်ထားပြီး ဝိုင်းရံပိတ်ဆို့ထားတဲ့ နယ်မြေထဲကို အကူအညီတွေ ပို့ပေးခွင့်ပြုဖို့ နိုင်ငံပေါင်း ၂၂ နိုင်ငံက အစ္စရေးကို တိုက်တွန်းထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသ တခုလုံးကို ထိန်းချုပ်ဖို့ အစ္စရေးရဲ့ အစီအစဉ်တွေပါတဲ့ ထိုးစစ်ကို အရှိန်မြှင့်ဖို့ ကတိကဝတ်ပြုခဲ့ပြီး နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို ပယ်ချခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ စစ်ပွဲကြောင့် ပါလက်စတိုင်း ၅၃,၄၇၅ ယောက်ထက်မနည်း သေဆုံးပြီး ၁၂၁,၃၉၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေသူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ပြီးပြီလို့ ယူဆထားတဲ့အတွက် စုစုပေါင်း သေဆုံးသူဦးရေ ၆၁,၇၀၀ ကျော် ရှိလိမ့်မယ်လို့  အစိုးရ သတင်းမီဒီယာရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးအနေနဲ့ ဂါဇာမှာ ထိုးစစ်ပြန်လည်စတင်တာကို မရပ်တန့်ဘူး၊ အကူအညီတွေဝင်ခွင့် ကန့်သတ်ထားတာကို မရုပ်သိမ်းပေးဘူးဆိုရင် အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ ခေါင်းဆောင်တွေ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စစ်ဆင်ရေးသစ် စတင်မယ်လို့ အစ္စရေးစစ်တပ်က သောကြာနေ့ကတည်းက ကြေညာထားခဲ့တာဖြစ်ပြီး တနင်္လာနေ့မှာတော့ ဂါဇာတခွင်လုံး အစ္စရေးက ထိန်းချုပ်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟုက ထပ်မံကြေညာပါတယ်။

လူ ၂ သန်းကျော် နေထိုင်တဲ့ ဂါဇာကမ်းမြောင်မှာ အငတ်ဘေးဆိုက်တော့မယ့် အခြေအနေ ရောက်နေပြီလို့ အကူအညီပေးရေးအဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေက သတိပေးထားပါတယ်။

“အရပ်သားလူဦးရေအတွက် လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ အစ္စရေးအစိုးရက ငြင်းပယ်မှုဟာ လက်ခံနိုင်စရာမရှိသလို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေတွေကို ချိုးဖောက်ရာ ရောက်ပါတယ်” လို့ ဗြိတိန်အစိုးရက ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ပါရှိပါတယ်။

“အနောက်ဘက်ကမ်းမှာ တိုးချဲ့အိမ်ရာတွေ ချဲ့ထွင်ဖို့ ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို ကျုပ်တို့ ဆန့်ကျင်ပါတယ်။ … ပစ်မှတ်ထား အရေးယူပိတ်ဆို့တာ အပါအဝင် နောက်ထပ်အရေးယူမှုတွေ လုပ်ဆောင်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ “လန်ဒန်၊ အော့တာဝါနဲ့ ပါရီက ခေါင်းဆောင်တွေဟာ အောက်တိုဘာ ၇ ရက် အစ္စရေးအပေါ် လူမျိုးတုံးတိုက်ခိုက်ခဲ့မှုအတွက် ဆုလာဘ် ကမ်းလှမ်းလိုက်လာတာ ဖြစ်သလို နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုတွေကို ဖိတ်ခေါ်လိုက်တာသာ ဖြစ်တယ်” လို့ နေတန်ယာဟုက တုံ့ပြန်ပါတယ်။

အလုံးစုံအောင်ပွဲ မရမချင်း အစ္စရေးဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်သွားမှာဖြစ်ပြီး ဓားစာခံအားလုံး လွှတ်ပေးမှုနဲ့ ဂါဇာကမ်းမြောင်မှာ စစ်မဲ့ဇုန်ဖြစ်အောင် လုပ်နိုင်မှု အပါအဝင် အစ္စရေးရဲ့ သတ်မှတ်ချက်တွေ အထမြောက်အောင် လုပ်မှာဖြစ်တယ်လို့ နေတန်ယာဟုက ဆိုပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို ဆေးဝါး၊ ရိက္ခာနဲ့ လောင်စာဝင်ရောက်မှုကို မတ်လကတည်းက ကန့်သတ်ထားပြီး အခု မြေပြင်ထိုးစစ် ထပ်မံဆင်နွှဲချိန်မှာတော့ စားနပ်ရိက္ခာ အခြေခံပမာဏ ပေးဝင်မယ်လို့ ကြေညာထားပါတယ်။

ဒီလို ရိက္ခာဝင်ခွင့်ပေးတာကို ကြိုဆိုပေမဲ့ ဝင်ခွင့်ပေးတဲ့ အကူအညီ ပမာဏဟာ သမုဒ္ဒရာထဲ ရေတစက်ကျသလို ဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီရေးရာ အကြီးအကဲ တွမ်ဖလက်ချာက ဝေဖန်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013