Home
နိုင်ငံတကာ
အစ္စရေးက ဂါဇာကို ရိက္ခာအခြေခံပမာဏ ပေးပို့ခွင့်ပြု
DVB
·
May 19, 2025
Photo: UNITED NATIONS

အစ္စရေးစစ်တပ်က ဂါဇာတခွင်မှာ ကျယ်ပြန့်တဲ့ မြေပြင်ထိုးစစ် စတင်မယ်လို့ ကြေညာအပြီး နာရီပိုင်းအကြာမှာ ရိက္ခာအခြေခံပမာဏ ပေးဝင်မယ်လို့ ထပ်မံထုတ်ပြန်ပါတယ်။

ဂါဇာကမ်းမြောင်ကို စားနပ်ရိက္ခာ၊ လောင်စာနဲ့ ဆေးဝါးဝင်ရောက်မှု ၁၀ ပတ်ကြာ လုံးဝ ပိတ်ဆို့ထားခဲ့အပြီးမှာ အငတ်ဘေးမဆိုက်စေဖို့အတွက် စားနပ်ရိက္ခာ အခြေခံပမာဏလောက် ခွင့်ပြုသွားမယ်လို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တာဖြစ်ပါတယ်။

ဒါကလည်း ဟားမတ်စ်အပေါ် ထပ်မံထိုးစစ်ဆင်မှုကို အထောက်အကူပြုနိုင်ဖို့ လိုအပ်ချက်အပေါ် အခြေခံပြီးတော့ အစ္စရေးစစ်တပ် (IDF) ရဲ့ အကြံပြုချက်အရ ဆောင်ရွက်တာလို့ ဆိုပါတယ်။

အာဟာရချို့တဲ့မှု ခံစားနေရတဲ့ ပုံမှန်ထက် ကျုံလှီနေတဲ့ ကလေးငယ်တွေရဲ့ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့အပြီးမှာ ဂါဇာလူဦးရေ ၂ ဒသမ ၁ သန်း အငတ်ဘေးဆိုက်တော့မှာဖြစ်တယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက ထပ်တလဲလဲ သတိပေးထားကြပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်း-နိုးလ် ဘားရော့တ်ကတော့ ဂါဇာကို အကူအညီတွေ ချက်ချင်း၊ အမြောက်အမြား၊ အဆီးအတားမရှိ ဝင်ခွင့်ပေးဖို့ အစ္စရေးကို တောင်းဆိုထားပါတယ်။

အစ္စရေးဘက်က ထုတ်ပြန်ချက်မှာတော့ လူသားချင်းစာနာမှု အကူအညီတွေ ဝေငှရာမှာ ဟားမတ်စ်အဖွဲ့က ထိန်းချုပ်မှုမရှိအောင်ပါ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းမှာ IDF ဟာ ဂါဇာမြောက်ပိုင်းက ဆေးရုံတခု အပါအဝင် နေရာအများအပြားကို လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့နဲ့ မြောက်ပိုင်းက မြို့ငယ်တွေနဲ့ ဒုက္ခသည်စခန်းတွေပါ ထိမှန်ခဲ့ပါတယ်။

၂၄ နာရီအတွင်းမှာ ၆၇ ယောက်ထက်မနည်း သေဆုံးပြီး ၃၆၁ ယောက် ဒဏ်ရာရတယ်လို့ ဟားမတ်စ်ကွပ်ကဲမှုအောက်မှာရှိတဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013