Home
နိုင်ငံတကာ
ငြိမ်းချမ်းရေးအတွက် ယူကရိန်းနှင့် တွဲဖက်လုပ်ရန် အသင့်ရှိဟု သမ္မတပူတင် ပြော
DVB
·
May 20, 2025
Photo: REUTERS/Marcos Brindicci

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ထရမ့်ပ်နဲ့ ဖုန်းပြောဆိုခဲ့ပြီးနောက် “အနာဂတ်ငြိမ်းချမ်းရေး သဘောတူစာချုပ် မူကြမ်းအတွက်” ယူကရိန်းနဲ့ တွဲဖက်လုပ်ကိုင်ဖို့ အသင့်ရှိတယ်လို့ ပြောကြားပါတယ်။

၂ နာရီကြာ ဖုန်းခေါ်ဆိုခဲ့ကြပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း ရုရှားနဲ့ ယူကရိန်းဟာ အပစ်အခတ်ရပ်စဲရေး အပါအဝင် စစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် ညှိနှိုင်းမှုတွေကို “ချက်ချင်း” စတင်သွားမယ်လို့ အတည်ပြုပါတယ်။

အဲဒီနောက် ထရမ့်ပ်က စကားပြောဆိုမှုဟာ “အလွန်ကောင်းမွန်တယ်” လို့ ဖော်ပြခဲ့တဲ့အပြင် နှစ်ဖက်ကြားမှာပါ ငြိမ်းချမ်းရေးဆိုင်ရာ သတ်မှတ်ချက်တွေကို ညှိနှိုင်းရဦးမယ်ဆိုပြီး ဖြည့်စွက်ပြောပါတယ်။

ဒါ့အပြင် “စစ်ပွဲကို အဆုံးသတ်နိုင်​ဖို့ဟာ ပိုပြီးအရေးကြီးတယ်” လို့လည်း ထရမ့်ပ်က သူ့ရဲ့ Truth Social ပေါ်မှာ ရေးသားထားပါတယ်။

ဒါပေမဲ့လည်း အမေရိကန် အပါအဝင် ဥရောပနိုင်ငံတွေရဲ့ ရက် ၃၀ ကြာ ခြွင်းချက်မရှိ အပစ်ရပ်ရေး တောင်းဆိုချက်ကိုတော့ ပူတင်ဘက်က ထည့်ပြောသွားတာမျိုး မရှိပါဘူး။

အဲဒီနေ့ အစောပိုင်းမှာတင် အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် ကလည်း ပူတင်ရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်ခဲ့ပါတယ်။

“ဗလာဒီမာပူတင် ကိုယ်တိုင်တောင် စစ်ပွဲကို ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့ နည်းဗျူဟာ ရှိ မရှိ ဆိုတာ မသေချာပါဘူး” ဆိုပြီး ဗန့်စ်က မှတ်ချက်ပေးခဲ့တာပါ။

ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ထရမ့်ပ်တို့ကြားမှာလည်း နောက်ဆက်တွဲ ဖုန်းခေါ်ဆိုမှုရှိခဲ့သလို အဲဒီထဲမှာ ဥရောပကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ပြင်သစ်၊ အီတလီ၊ ဂျာမနီနဲ့ ဖင်လန်တို့ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ပါတယ်။

“ဒါဟာ အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့်တခု” ဖြစ်တဲ့အလျောက် အမေရိကန်အနေနဲ့ ဆွေးနွေးပွဲတွေကို ရှောင်ဖယ်တာမျိုး မလုပ်ဖို့အတွက်ပါ ဇလန်းစကီးက တိုက်တွန်းခဲ့ပါတယ်။

အခုလအစောပိုင်းမှာလည်း ပုပ်ရဟန်းမင်းကြီးအသစ် လီယိုက ဗာတီကန်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် လက်ခံကျင်းပနိုင်မယ့် နေရာအဖြစ် ကမ်းလှမ်းခဲ့ပါသေးတယ်။

ဖင်လန်နိုင်ငံနဲ့ နယ်စပ်အနီးမှာတော့ ရုရှားဘက်က စစ်စခန်းတွေကို အင်အားဖြည့်တင်းနေပြီး အဲဒီဧရိယာဟာ ပဋိပက္ခဆက်ဖြစ်လာနိုင်တဲ့ နေရာတခုဖြစ်ကြောင်း လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013