Home
အထွေထွေ
ရွာငံတွင် စစ်တပ်က အဓမ္မငွေကောက်ခံပြီး ရွာသားများကို ရိုက်နှက်
DVB
·
May 20, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ပြည်သူကို ရိုက်နှက်တာ၊ ငွေကြေးကောက်ခံတာတွေ ရှိနေတယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် DSNDA က မေ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က  မေ ၄ ရက်မှာ နွားဘန်းကြီးရွာ ဒေသခံတွေရဲ့ ဖုန်းအလုံး ၂၀၀၀ ကျော်ကို သိမ်းဆည်းပြီး တပတ်ကြာပြီးမှ ပြန်ပေးတဲ့အပြင် တအိမ်ကို ငွေ ၁၀၀၀၀ စီကောက်ပြီး စစ်တပ်က သွားလာဖို့လိုအပ်ချိန် ရွာက ပြည်သူတွေရဲ့ကားကို အလှည့်ကျ သုံးတာတွေ ရှိနေတာပါ။

ရွာငံမြို့နယ်က မျှားကလေးရွာ၊ အင်တောရွာ၊ လယ်ကိုင်းရွာတို့မှာလည်း တအိမ်ကို ၂၀၀၀၀ ကျပ်နှုန်း ကောက်ခံနေတယ်လို့ သိရပါတယ်။

မေ ၁၅ ရက်မှာလည်း ဂွေးပင်ရွာနဲ့ တောင်ဦးရွာထဲကို သေနတ်ပစ်ဖောက် ဝင်ရောက်ကာ ရွာသားတွေကို စာသင်ကျောင်းထဲ စုခိုင်းပြီးတဲ့နောက် စစ်တပ်က နေအိမ်တွေထဲဝင်ပြီး ငွေသားတွေ ယူသွားခဲ့တဲ့အပြင် ရွာသားတချို့ကို လက်ပြန်ကြိုးတုပ်တာ၊ မြေပေါ်မှောက်ချခိုင်းပြီး ရိုက်နှက် ညှဉ်းပန်းခဲ့တယ်လို့ ဆိုပါတယ်။ 

DSNDA တပ်ရင်း ပြန်ကြားရေးက “နွားဘန်းကြီးရွာမှာပေါ့နော်။ လက်ရှိတော့ ရွာအဝင်အထွက်ကို သတင်းပေးနေကြရတယ်၊ သူတို့ပေးလိုက်တဲ့ ကတ်ပြားပါမှ ပြန်ဝင်လို့ရပါတယ်။ သူတို့စီ စာရင်းမပေးဘဲ ရွာအဝင်အထွက်မရဘူးလို့ လုပ်ထားတယ်။ ကျန်တဲ့ရွာတွေမှာတော့ သူတို့ ဝင်လိုက်ထွက်လိုက်နဲ့” လို့ ပြောပါတယ်။

စစ်တပ်က နွားဘန်းကြီးရွာမှာ တပ်စွဲထားပြီး သူတို့လိုအပ်တာတွေ ဖြည့်ဆည်းခိုင်းတဲ့အပြင် စိတ်တိုင်းမကျရင် ရွာထဲကို လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေတာပါ။ ဒါ့အပြင် ရွာကနေ ကောက်ခံထားတဲ့ ငွေတွေကို စစ်တပ်စစ်ကြောင်းမှူးက ယူပြီး နယ်ပြောင်းသွားတာကြောင့် ရွာသားတွေဆီက ထပ်တောင်းနေတယ်လို့ သိရပါတယ်။

ရွာထဲမှာ အိုးအိမ်တည်ထောင်ဖို့ သစ်တွေ စုပုံထားတာတွေ့တာကြောင့် နေအိမ် ၁၀ လုံးလောက်ဆီကနေ တအိမ်ကို ငွေ ၃၀၀,၀၀၀ ကနေ ၉၀၀,၀၀၀ အထိ တောင်းယူတာလည်းရှိတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013