Home
ဆောင်းပါး
လားရှိုး (သို့မဟုတ်) ဒါ ဒို့တိုင်း၊ ဒို့ပြည် တရုတ်ပိုင်တဲ့မြေ
DVB
·
May 18, 2025

၂၀၂၄ ဇူလိုင်လတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးကို ကိုးကန့်ဦးဆောင်သော  မဟာမိတ်တပ်များက စတင်တိုက်ခိုက်ခဲ့ကြသည်။ မဟာမိတ်တပ်များဆိုရာတွင် NUG လက်အောက်ခံ PDF များပါသလို ဒေသခံကာကွယ်ရေးတပ်များ၊ BPLA နှင့် PLA  ကဲ့သို့ အဖွဲ့များလည်း ပါဝင်သည်။  ၁၀၂၇ ပထမပိုင်းကတည်းက ထိုမဟာမိတ်တပ်များ၏ အစွမ်းအစကို ပြည်သူများ ကောင်းကောင်းသိရှိသွားကြသည်။ စစ်တပ်၏ ချိနဲ့ညံ့ဖျင်းမှုကိုလည်း အထင်းသားတွေ့မြင်သွားကြသည်။ ထို့ကြောင့် ယခုကဲ့သို့ လားရှိုးအထိ ရောက်လာပြီး တိုက်ခိုက်နေကြပြီဆိုတော့ ပြည်သူတရပ်လုံး ဝမ်းသာကြ၊ ရင်ခုန်စိတ်လှုပ်ရှားကြသည်။ စစ်တပ်၏ စစ်ဌာနချုပ်ဖြစ်သည်မို့ တော်လှန်ရေးဘက်သားများက အားသွန်ခွန်စိုက်  တိုက်ခိုက်ကြရသည်။ ဒီကြားထဲ ဦးဆောင်အဖွဲ့များဖြစ်သည့်  ညီနောင်မဟာမိတ်တို့ကို တရုတ်က ဖိအားပေးသည့် အသံများလည်း သဲ့သဲ့ကြားလာရသည်။ ထိုအခါရင်ခုန်စိတ်လှုပ်ရှားနေရသည့် ပြည်သူများမှာ နှလုံးပူကြရပြန်သည်။ ပထမလှိုင်းတုန်းကလို ရပ်တန့်သွားပြန်ဦးမလားဆိုပြီး စိုးထိတ်ကြရပြန်သည်။ သည်လို စိုးထိတ်မှုများကြားကပင် လားရှိုးတိုက်ပွဲကို ရှေ့ဆက်ခဲ့ကြသည်။ တရုတ်ဘက်က ဆေးဝါး၊ လောင်စာဓာတ်ဆီ၊ အစားအသောက် စသည်တို့ကို ပိတ်ပင်လိုက်သလို နယ်စပ်ဂိတ်များကိုလည်း ပိတ်ချလိုက်သည်။ ဒီလိုနှင့် ဇူလိုင်လလယ်လောက်အရောက်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးရှိနေသည်ဆိုကာ  ၄ ရက်တာ အပစ်ရပ်မည့်အကြောင်း ကိုးကန့်တပ်ဖွဲ့က ကြေညာခဲ့သည်။ မြန်မာပြည်သူများခမျာ ကောင်းခန်းရောက်မှ မီးပျက်သွားသကဲ့သိုဖြစ်ကြရပြန်သည်။ တိုက်မှ တိုက်ပါဦး မလား။ စစ်ဌာနချုပ်ဆိုတော့ ဖြစ်နိုင်ပါ့မလား .စသည့်အတွေးကိုယ်စီနှင့်။

သို့သော် သိပ်မကြာလိုက်ပါ။ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးနောက်၂၀၂၄ ဇူလိုင်၂၅ တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာလားရှိုးမြို့ကို ကိုးကန့်ဦးဆောင်သည့် မဟာမိတ်တပ်များက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ ပြည်သူတရပ်လုံး  ဝမ်းသာလုံးဆို့ခဲ့ကြသည်မှာ ပြောမဆုံးနိုင်ပင်။ ရောင်နီကို မြင်ရပြီဟုလည်း ယုံကြည်ခဲ့ကြသည်။ များမကြာမီ မန္တလေး၊ ပြင်ဦးလွင်တို့ကိုပင်  သိမ်းပိုက်ထိန်းချုပ်နိုင်တော့မည်ဟု ထင်မှတ်မျှော်လင့်လာကြသည်။ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်ဆိုသည်မှာ တချိန်က တိုက်စွမ်းရည်အကောင်းဆုံး၊ ဗကပတို့ကိုချေမှုန်းခဲ့သော ဌာနချုပ်ဖြစ်ကြောင်း၊ ထိုဌာနချုပ်မျိုးကိုပင် သိမ်းပိုက်နိုင်ခဲ့သဖြင့် ကြီးမားသော အောင်မြင်မှုဖြစ်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ပြောဆိုခဲ့ကြသည်။

ယင်းသို့ သိမ်းပိုက်နိုင်ခဲ့သည်၏ အခြားတဖက်၌ စွန့်လွှတ်ပေးဆပ်ရမှုများကလည်း ရှိခဲ့သည်။ ကိုးကန့်အပါအဝင် မြေပြန့်က အခြားသော PDFများပါ အသက်ဆုံးရှုံးကြရသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဆုံးရှုံးကြရသည်။ ဒါပဲလားဆိုတော့မဟုတ်။ လားရှိုးဒေသခံများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေပါ ပျက်စီးဆုံးရှုံးရသည်။ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားစဉ်ကဆိုလျှင်မြို့ပေါ်မှာ ပိတ်မိနေသူများ၊ အလောင်းများ၏ ပုပ်ပွအနံ့ပင် ထွက်နေသည့် အကြောင်းများကိုလည်း မကြားချင်အဆုံး ကြားခဲ့ရသည်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်သည့်ဖြစ်စဉ်မှာ ဤသို့ဤပုံ အသက် သွေးချွေးပေးဆပ်ခဲ့ကြရပါသည်။

စစ်တိုက်သည့်အတွက်၊ စစ်ဖြစ်သည့်အတွက် ထိုသို့ အတိမ်းအစောင်းတော့ရှိကြမှာပဲဟုလည်း ပြည်သူများဖြေသိမ့်ကြပါသည်။ အဓိကက စစ်(--) များအား မောင်းထုတ်ရှင်းလင်းရန် အဓိကပဲဟု သဘောပိုက်ကြသည်။ ဒီလိုနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးမြို့ကြီးတွင် တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ပြီးသကလာ အုပ်ချုပ်ရေးလုပ်ငန်းများစတင်လာခဲ့တော့သည်။ ကျန်ဒေသရှိပြည်သူတွေမှာ ကိုယ်တိုင် မလွတ်မြောက်သေးသော်လည်း လွတ်မြောက်သွားသည့် လားရှိုးမြို့ကို ကြည့်ပြီး ကျေနပ်ကြရသည်။ လားရှိုးမြို့ခံများကလည်း အစပိုင်းတွင် ကိုးကန့်တပ်များကို သဘောမကျသည့်တိုင် စစ် (-)များထက်တော့ သာလွန်ကြောင်း ပြောဆိုလာ ကြသည်။ သည်လိုနှင့် လားရှိုးမြို့အုပ်ချုပ်ရေးပိုင်းအတွက် လားရှိုးဒေသခံများကိုယ်တိုင်ပင် ဆန္ဒအလျောက်ပါဝင်ခဲ့ကြသည်။ တချို့က အုပ်ချုပ်ရေး၊ တချို့က ကျန်းမာရေး ၊ပညာရေး စသည်ဖြင့်။

အခြားတဖက်၌လည်း ထိုသို့သိမ်းပိုက်ပြီး မကြာခင်မှာပင်  တရုတ်နိုငံငံခြားရေးဝန်ကြီးဌာနက တိန့်ရှီကျွင်းဆိုသူနှင့် စစ်ခေါင်းဆောင်တို့နေပြည်တော်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့ကြသည်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက်  ဆွေးနွေးသည်ဟု ထုတ်ပြန်ခဲ့သည်။ သိပ်မကြာလိုက်ပါ။ ဩဂုတ်လလယ်လောက်တွင် တရုတ်နိုင်ငံခြားရေးဝမ်ယိက စစ်ခေါင်းဆောင်နှင့် နေပြည်တော်တွင်လာရောက် တွေ့ဆုံပြန်သည်။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားကြောင်း၊ ရှမ်းမြောက်က တော်လှန်ရေးတပ်ဖွဲ့များ၏ မြို့သိမ်းရွာသိမ်းဖြစ်စဉ်တွေကို ဆန့်ကျင်ကြောင်း ပြောဆိုသွားခဲ့သည်။ ထို့နောက် ဒေသတွင်း အစည်းအဝေးတခုတွင်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍  စည်း ၃ စည်းချမှတ်ထားကြောင်း အသံကောင်းဟစ်သွားခဲ့ပြန်သည်။ ဆက်တိုက်ဆိုသလိုပင် ဩဂုတ်လကုန်ပိုင်းတွင် တိန့်ရှီကျွင်းနှင့် ‘ဝ’ ခေါင်းဆောင်များ တွေ့ဆုံကြသည်။ ကိုရွှေတရုတ်တို့၏ ခြေလှမ်းများကား စိပ်သထက်စိပ်လာခဲ့သည်။ ထိုတွေ့ဆုံမှု၏ နောက်ဆက်တွဲအဖြစ် ကိုးကန့်အပါအဝင်  ရှမ်းမြောက်က တော်လှန်ရေးအဖွဲ့များကို  ခြိမ်းခြောက်တမျိုး၊ ဖိအားပေးခြင်းတဖုံ ပုံစံမျိုးစုံဖြင့် ချဥ်းကပ်လာခဲ့သည်။ စက်တင်ဘာလတွင် ကိုးကန့်ဘက်က ထုတ်ပြန်ချက်တစောင် ပေါ်ထွက်လာခဲ့သည်။ ကိုးကန့်အနေဖြင့် NUGန နှင့် ပူးပေါင်းမည်မဟုတ်ကြောင်း၊ မန္တလေးနှင့် တောင်ကြီးမြို့တို့ကို ထိုးစစ်ဆင်မည် မဟုတ်ကြောင်း ထုတ်ပြန်ပါသည်။ ယင်းကြေညာချက်ထွက်လာချိန်တွင် ပြည်သူများ နဝေတိမ်တောင်ဖြစ်ရသလို၊ လူပါးဝလွန်း တရုတ်ပါလားဟု ပြစ်တင်မိကြသည်။ မည်သို့ဆိုစေ ကိုးကန့်အနေဖြင့် ၁၀၂၇ ပထမလှိုင်းကတည်းက သူတို့ထုတ်ပြန်ခဲ့သော ရည်ရွယ်ချက်အတိုင်း ရှေ့ဆက်ကြမည်ဟု ပြည်သူများ  တွေးထင်ခဲ့ကြသည်။

ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်းကို တရုတ်အစိုးရက အကျယ်ချုပ်ဖြင့် ဖမ်းထားသည့် သတင်းများလည်း မရှေးမနှောင်းဆိုသလို သဲ့သဲ့ကြားလာရသည်။ ထိုကဲ့သို့သော တရုတ်၏ နည်းအမျိူးမျိူးဖြင့်အကြပ်ကိုင် ခြိမ်းခြောက်သည့်သတင်းများကို တရုတ်ထောက်ခံသူ လော်ဘီများက ထိုသတင်းမှာ တရားဝင် မထုတ်ပြန်သည့်အတွက်  မခိုင်လုံကြောင်း၊ စိတ်မချ‌ရကြောင်း ဖာထေးကြသည်။ ဆင်တကောင်လုံး မြင်နေတာတောင် ဆင်ခြေရာရှာချင်ကြသည့် သနားစဖွယ်လူသားများပင်ဖြစ်သည်။ တရုတ်လော်ဘီများက ထိုကဲ့သို့ ဖာထေးနေသည့်တိုင် ကိုးကန့်ကိုယ်တိုင်သည်ပင် ကြေညာချက်ထုတ်ပြန်လာရသည်။ ရှေ့လျှောက်အနာဂတ်တွင် နိုင်ငံရေးနည်းလမ်းနှင့်သာ ဖြေရှင်းပါမည့်အကြောင်း။

၁၀၂၇ ပထမလှိုင်းတုန်းကလိုပင်  ဒီဇင်ဘာလလယ်ခန့်တွင် ဆွေးနွေးပွဲများ ထပ်မံပေါ်ပေါက်လာပြန်သည်။ တရုတ်၏စီစဉ်မှုဖြင့် ကူမင်းမြို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ သည်လိုနှင့် ကိုးကန့်နှင့် စစ်ကောင်စီတို့ အပစ်ရပ်ကြပြန်သည်။ သိပ်မကြာခင်မှာပဲ  ကိုးကန့်အတွက် ပိတ်ဆို့ထားသော နယ်စပ်ဂိတ်များကို တရုတ်က ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ဖုန်တာရွှင်ကိုယ်တိုင် တရုတ်ရဲ့ စီစဉ်ဆောင်ရွက်ပေးမှုအပေါ် မိမိတို့လက်ခံမှာဖြစ်ကြောင်း တရုတ်နှစ်သစ်ကူးတွင် သဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။ ဆက်တိုက်ဆိုသလိုပင် မတ်လလယ်ခန့်မှစကာကိုးကန့်က စစ်ဦးစီးမှူးများကို တရုတ်အာဏာပိုင်များက ခေါ်ယူခဲ့သည်။ ထိုသို့ညှိနှိုင်းမှုများ ရှိခဲ့သော်လည်း မည်သည့်သဘောတူညီချက်မှမရခဲ့ဟုလည်း သတင်းများအရဆိုပြန်သည်။ ထိုအတောအတွင်း လားရှိုးမြို့မှ ကိုးကန့်တပ်တွေ ဇွန်လတွင် ထွက်ခွာတော့မည့် အကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထုံးစံအတိုင်း အငြင်းအခုံများလည်း ပေါ်ပေါက်လာခဲ့သည်။ အချို့ကလည်း ကိုးကန့်ဆိုသည်မှာ တရုတ်ဩဇာခံ၊ တရုတ်အလိုကျ လုပ်ကိုင်ရတာသဖြင့် ဤသတင်း မှန်လောက်သည်ဟု သုံးသပ်ကြသည်။ အချို့ကမူ အသက်၊ သွေး၊ ချွေးများဖြင့်  ခဲရာခဲဆစ် တိုက်လာကြရတာ နောက်ဆုတ်ပေးမည် မဟုတ်လောက် ကြောင်း၊ နောက်ပြီး မြို့အုပ်ချုပ်ရေးကိုပင် စတင်အခြေတည်နေသည့်အဆင့်ကို ရောက်နေပြီဖြစ်သည့်အတွက် မဖြစ်နိုင်ကြောင်း ထင်ကြေးပေးကြသည်။

ထိုကောလာဟာလများကို အတည်ဖြစ်သွားစေသည် ကတော့ ဧပြီ ၃ ရက်၊ ၂၀၂၅ ခုနှစ်မှာပဲ ဖြစ်ပါသည်။  လားရှိုးမြို့မှ ကိုးကန့်‌လက်အောက်ခံဝန်ထမ်းများ အသုတ်လိုက် စတင်ထွက်ခွာလာတော့သည်။ သက်ဆိုင်ရာသတင်းရင်းမြစ်များ၊ ဒေသခံများ၏အဆိုအရလည်း သင်္ကြန်ပြီးပါက ကိုးကန့်တပ်အနေဖြင့် စစ်ကောင်စီကို လားရှိုးမြို့အားပေးရတော့မည့်အကြောင်း အခိုင်အမာသတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုအချိန်ထိ ကိုးကန့်ဘက်က ဘာသတင်းမှ မထုတ်ပြန်သေးပေ။ သို့တိုင် ထိုသတင်းများမှာ အတည်ပြုနိုင်သလောက်နီးပါး ခိုင်လုံသည်။  ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်ဘေးကြောင့် ပူဆွေးသောက ရောက်နေချိန်တွင် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးရတော့မယ်ဆိုသည့်သတင်းကို ကြားလိုက်ရသဖြင့် ပြည်သူခမျာ နွေခေါင်ခေါင်တွင် မိုးကြိုးပစ်လိုက်သလို ခံစားကြရတော့သည်။ စစ်ကောင်စီနှင့် မတ်လ ဆွေးနွေးပွဲမတိုင်ခင်တုန်းက MNDAA ထွက်မသွားရန် လားရှိုးမြို့ခံများ၏ ဆန္ဒဖော်ထုတ်မှုများမှာ အရာမထင်ခဲ့။ ဒေသခံများ၏ အလိုဆန္ဒအတိုင်းဖြစ်မလာခဲ့ပေ။ သည်လိုနှင့်  ၈ လနီးပါးကျော်ကြာ သိမ်းပိုက်ပြီးနောက် လားရှိုးမြို့မှာ  သေနတ်တချက်မှ မဖောက်ရဘဲ ရန်သူကို ပြန်လည်လွှဲပြောင်းပေးလိုက်ရသည့် သမိုင်းဝင်ဖြစ်ရပ်ကြီးတခု မြန်မာ့သမိုင်းစာမျက်နှာပေါ်တွင် မှတ်တမ်းဝင်သွားခဲ့လေပြီ။ တရုတ်ဖိအားကြောင့်ဟု MNDAAက အကြောင်းပြချက်ပေးခဲ့သည့်တိုင် အခြားတဖက်တွင်တော့ ဒေသခံပြည်သူများမှာ ဘီလူးများနဲ့အတူ လားရှိုးမြို့တွင် ဆက်လက် နေထိုင်ကြရပေတော့မည်။ ပြည်သူတွေ၏ အသက်၊ ဘဝ နှင့် အိုးအိမ်စည်းစိမ်များသည် ထိုမျှပင် အဖိုးတန်ပါသည်။ စာရေးသူသည်လည်း ဆရာမင်းသုဝဏ်၏ “ဘကြီးအောင်ညာတယ်” ဆိုသည့် ဝတ္ထုတိုလေးကိုပင် ပြန်လည်မြင်ယောင်လာမိပါတော့သည်။

တင်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024