Home
မြန်မာသတင်း
ကိုးကန့်နယ်မြေ၌ တရုတ်လုပ်ငန်းရှင်များကို ခြံမြေငှားရန် ဖိအားပေးသဖြင့် ဒေသခံများ အခက်တွေ့
DVB
·
May 15, 2025

ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးနဲ့ ကွမ်းလုံကြားမှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေကို ကြံစိုက် ခြံမြေငှားရမ်း‌ပေးဖို့ တောင်သူတွေ ဖိအားပေးခံရတဲ့အပြင် ခြံမြေငှားရမ်းခ ဈေးနှိမ်တာကြောင့် အခက်ကြုံနေကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တောင်သူတ‌ယောက်က “လားရှိုး-ကွမ်းလုံကြား ကိုးကန့် MNDAA တွေအနေနဲ့ အရင်းရှင်တွေကို နေရာပေးပြီး ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုး လုပ်ခိုင်းတဲ့အထဲက အခုက ကြံစိုက်ဖို့ တရုတ်အခေါ် တမိုးကို ကျပ် ၃၀,၀၀၀ (တဧက ကျပ် ၁၈၀,၀၀၀ နှုန်း) ပဲပေးပြီး ခြံမြေ လိုက်ငှား‌ယူနေတယ်” လို့ ပြောပါတယ်။ 

ခြံမြေလာငှားချိန် မငှားပေးလို့ MNDAA အနေနဲ့ သိမ်းယူလိုက်ရင် ဘာမှပြန်မရဘူးလို့ အစည်းအဝေး ခေါ်လုပ်တိုင်း ပြောတယ်လို့ ဒေသခံက ပြောပါတယ်။

တောင်ပေါ်နေ ပြည်သူတွေက ဓာတ်မြေဩဇာမထည့်ဘဲ ၂ နှစ်လောက် အလွတ်ထားပြီး ၃ နှစ်လောက်မှ ပြန်လှည့်စိုက်တဲ့ ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးကြတာကြောင့် ခြံမြေ အသိမ်းခံရမယ့် အခြေအနေ ရောက်နေပါတယ်။

ကိုးကန့် MNDAA တွေက တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေကို ခေါ်ထည့်ပြီး နေရာပါ ဖန်တီးပေးကာ သူတို့က အခွန်ကောက်စားတာလို့ ဆိုပါတယ်။

ကြူကုတ်(ပန်ဆိုင်း) မြို့နယ်မှာတော့ တရုတ်နိုင်ငံသား ကြံလုပ်ငန်းရှင်တွေက ကြံစိုက် ခြံမြေငှားရင် တဧက လက်ရှိပေါက်ဈေး ကျပ် ၇၀၀,၀၀၀ ဝန်းကျင် ရတယ်လို့ တောင်သူတယောက်က ပြောပါတယ်။

“မုံးပေါ်ဒေသမှာတော့ ကြံစိုက်ဖို့ မြေငှားရင် နေရာပေါ်မူတည်ပြီး တမိုးကို တရုတ်ငွေ ၂၀၀-၂၅၀ ယွမ် ရှိတယ်။ ငွေကြိုယူရင်တော့ ဈေးလျော့တယ်။ ၆ မိုးကို တဧက ရှိတယ်။ တဧက တရုတ်ငွေ ယွမ် ၁,၂၀၀-၁,၂‌၅၀ ဝန်းကျင်ပေါ့။”

နောင်ချိုမြို့နယ်မှာတော့ ကြံက တဧကကို အနည်းဆုံး တန် ၃၀ လောက်ကတော့ ထွက်ကို ထွက်တာကြောင့် ဒီနှစ်ရဲ့ ပေါက်ဈေးနဲ့ တွက်မယ်ဆိုရင် တန် ၃၀ ဆို ခု ၅၁ သိန်း ရတယ်လို့ နောင်ချိုမြို့နယ်က ကြံတောင်သူတယောက်က ပြောပါတယ်။

“တဧက တန် ၃၀ အထက်တွေချည်း။ အဲဒီအောက်ကတော့ မရှိဘူး။ တန် ၃၀ ဆိုတာကတော့ အညံ့ဆုံးဟာပဲ။”

ဒါ့အပြင် လားရှိုး-ကွမ်းလုံကြားမှာ ဒေသခံတွေအနေနဲ့ ကြံစိုက်ခင်းကြောင့် ကျွဲ၊ နွား လွှတ်ကျောင်းလို့ မရတော့လို့ ဒုက္ခဖြစ်ရတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“တိရစ္ဆာန်ရှိတဲ့သူတွေ ကြံတပင် လာစားရင် တရုတ်ငွေ ၃ ယွမ် (ကျပ် ၁,၈၀၀ နှုန်း) ပေးလျော်ရမယ်လို့ ပြောတယ်။ ကျွဲ၊ နွား ခြေရာတခုကို မြန်မာငွေ ၅၀၀ ကျပ် ပေးလျော်ရမယ်လို့ ပြောတယ်။ ဒီလိုသတ်မှတ်တာဟာ ဒေသခံ ပြည်သူတွေကို ဒုက္ခအရမ်းရောက်စေတယ်။”

ဒေသခံတွေက ကျွဲ၊ နွား ရောင်းပြီးမှ ကလေးတွေကို ကျောင်းထောက်၊ မိသားစုထောက်၊ အိမ်တိုင်း ခိုင်းစားဖို့ လိုတာကြောင့် အခု နေရာအနှံ့ ကြံခင်းတွေ ပြည့်နေပြီး အရမ်းများလာတော့ ကျွဲ၊ နွား ရှိတဲ့ ဒေသခံတွေ ပြဿနာများ၊ ဒုက္ခများ၊ စိတ်ညစ်နေတယ်လို့ ဒေသခံက ပြောပါတယ်။

တရုတ်ရဲ့ ကြားဝင်မှုကြောင့် ကိုးကန့် MNDAA တွေ လားရှိုးကနေ ဆုတ်ခွာပြီးနောက် လားရှိုးရဲ့ အထက်ပိုင်း ကိုးကန့် MNDAA ထိန်းချုပ်ရာ ဒေသတွေမှာ လုပ်ငန်းရှင် အများဆုံးဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး လက်ရှိ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ၇၀ ရာခိုင်နှုန်းထိ ရှိလာပြီ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013