Home
မြန်မာသတင်း
ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရ 
DVB
·
May 18, 2025

ပဲခူးတိုင်း တောင်ငူမြို့က စစ်ကောင်စီရဲ့ ကေတုမတီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ဒီနေ့ မေ ၁၈ ရက် မနက် ၁ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ကေတုမတီ လေတပ်စခန်းကို တော်လှန်ရေးတပ်တွေဘက်က ၇ ကြိမ်မြောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီပဲယင်းမြို့နယ် အိုးထိန်တွင်းကျေးရွာ စာသင်ကျောင်းက ကျောင်းသူ၊ ကျောင်းသား ကလေးသူငယ်တွေနဲ့ ဆရာ၊ ဆရာမတွေကို ဗုံးကြဲသတ်ဖြတ်မှု အပါအဝင် နိုင်ငံတဝန်း အရပ်ဘက်ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲသတ် ဖြတ်နေတာကြောင့် တိုက်ခိုက်တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာပါဝင်တဲ့ Brave Warriors for Myanmar(BWM) တပ်ဖွဲ့ တာဝန်ရှိသူတယောက်က “တောင်ငူလေတပ်စခန်းဟာ စစ်ရှုံးကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ ကျုးလွန်တာမှာ အရေးပါတဲ့ လေတပ် ဒေါက်တိုင်တခုဖြစ်တဲ့အပြင် အရက်ပိုင်း တောင်ပိုင်းတော်လှန်ရေး အင်အားစုတွေရဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကိုလည်း လေကြောင်းက တရစပ် ဗုံးကြဲတိုက်ခိုက်တာမှာ အဓိကပါဝင်နေတဲ့ တပ်စခန်းတခု ဖြစ်နေတဲ့အတွက် တိုက်ခိုက်တာ” လို့  DVB ကို ပြောပါတယ်။

ရှော့တိုက်ဒုံး ၁၁ လုံး ပစ်ခတ်တာမှာ ၈ လုံးက အောင်မြင်ခဲ့ပြီး လေတပ်စခန်း ထိခိုက်ပျက်စီးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုကို BWM နဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Mountain Knight Civillian Defense Force(MKCDF)၊ Anti-Coup People’s Liberation Force(ACPLF)၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်တာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013