Home
နိုင်ငံတကာ
အမေရိကန် အာမခံကုမ္ပဏီ United Health ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခံရ
DVB
·
May 16, 2025
Photo: REUTERS EVENTS / REUTERS

အမေရိကန် တရားရေးဌာန (DOJ) ဟာ သက်ကြီးနိုင်ငံသားတွေအတွက် ဆေးဝါးကူညီရေး စီမံကိန်း Medicare ရဲ့ လိမ်လည်မှုဖြစ်နိုင်ခြေအတွက် အာမခံကုမ္ပဏီဖြစ်တဲ့ United Health အုပ်စု UNH.N ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးနေတယ်လို့ ဝေါလ်စထရိဂျာနယ်က မေ ၁၄ ရက်မှာ ဖော်ပြပါတယ်။

အာမခံလုပ်ငန်းမှာ ပြဿနာတွေ ဆက်တိုက်ဖြစ်အပြီး ကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေက နာရီပိုင်းအတွင်း ကုန်သွယ်မှု ၈ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။

ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်တွေ မြင့်တက်လာလို့ မေ ၁၃ ရက်မှာ United Health Group ရဲ့ အမှုဆောင်အရာရှိ အန်ဒရူးဝစ်တီက မမျှော်လင့်ဘဲ ရာထူးကနေ နုတ်ထွက်ခဲ့တာနဲ့ တပြိုင်နက် ကုမ္ပဏီက ၂၀၂၅ ဘဏ္ဍာရေးခန့်မှန်းချက်ကို ရပ်ဆိုင်းခဲ့ပါတယ်။

ဒီကြေညာချက်ကြောင့် ၄ နှစ်တာကာလအတွင်း ရှယ်ယာတွေ ၁၈ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ပါတယ်။

ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေရဲ့ သဘောသဘာဝကို အတိအကျ မသိရသေးဘူးလို့ ဝေါလ်စထရိဂျာနယ်က ရေးပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လိမ်လည်မှုအတွက် DOJ ရဲ့ ရာဇဝတ်မှုဆိုင်ရာ ဌာနခွဲက စုံစမ်းစစ်ဆေးမှုဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက စတင်အသက်ဝင်ခဲ့တယ်လို့ ဒီကိစ္စနဲ့ ရင်းနှီးသူတွေကို ကိုးကားပြီး ဝေါလ်စထရိဂျာနယ်က ဖော်ပြပါတယ်။

ဖေဖော်ဝါရီလမှာ United Health ရဲ့ ကျင့်ထုံးတွေနဲ့ ပတ်သက်ပြီး အရပ်ဘက်မသမာမှု စုံစမ်းစစ်ဆေးမှုတရပ်ကို ဂျာနယ်က ဖော်ပြခဲ့ပါတယ်။

ကုမ္ပဏီကတော့ ဘယ်လိုစုံစမ်းစစ်ဆေးမှု အသစ်ကိုမှ သတိမပြုမိဘူးလို့ ပြောပါတယ်။ အဲဒီလမှာပဲ အမေရိကန် အထက်လွှတ်တော်အမတ် ချပ်ခ်ဂရက်စ်လေက United Health ရဲ့ Medicare ငွေတောင်းခံခြင်းဆိုင်ရာ အလေ့အကျင့်တွေကို စုံစမ်းမေးမြန်းခဲ့ပြီး လိုက်နာမှု အစီအစဉ်ရဲ့ အသေးစိတ် မှတ်တမ်းတွေနဲ့ တခြားဆက်စပ် စာရွက်စာတမ်းတွေကို တောင်းဆိုခဲ့ပါတယ်။

DOJ ပြောရေးဆိုခွင့်ရှိသူတယောက်က ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုအသစ်နဲ့ ပတ်သက်ပြီး ဂျာနယ်ကို မှတ်ချက်ပေးဖို့ ငြင်းခဲ့ပါတယ်။

United Health Group နဲ့ DOJ တို့က မှတ်ချက်တွေအတွက် တောင်းဆိုမှုတွေကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။

အသက် ၆၅ နှစ်နဲ့အထက် ဒါမှမဟုတ် မသန်မစွမ်းသူတွေအတွက် Medicare US အစီအစဉ်မှာ အကျုံးဝင်တဲ့ လူ ၆၅ သန်းရဲ့ ထက်ဝက်နီးပါးဟာ ပုဂ္ဂလိကအာမခံသူတွေက ဆောင်ရွက်ပေးတဲ့ Medicare Advantage အစီအစဉ်တွေမှာ စာရင်းသွင်းထားပါတယ်။

အာမခံသူတွေက လူနာတယောက်စီအတွက် သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ ပေးဆောင်ရပေမယ့် လူနာတွေမှာ ကျန်းမာရေးအခြေအနေ အများအပြား ရှိနေခဲ့ရင် ပိုပေးဆောင်ရနိုင်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013