Home
မြန်မာသတင်း
ချန်းရီဖိနပ်စက်ရုံက ဆန္ဒပြအလုပ်သမားခေါင်းဆောင်များ လုံခြုံရေး စိုးရိမ်နေရ
DVB
·
May 15, 2025

လှိုင်သာယာအနောက်ပိုင်းမြို့နယ် စက်မှုဇုန်ရှိ ချန်းရီ ဖိနပ်စက်ရုံက လုပ်သား ၆,၀၀၀ ကျော် လုပ်ခလစာတိုးပေးဖို့ ဆန္ဒပြ တောင်းဆိုနေပြီး အလုပ်သမားခေါင်းဆောင်တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေပါတယ်။

မေ ၁၄ ရက် မွန်းလွဲပိုင်းကစပြီး ချန်းရီဖိနပ်စက်ရုံ အလုပ်သမား ၆,၀၀၀ ကျော်ဟာ အခြေခံလုပ်ခလစာ တိုးပေးဖို့ စက်ရုံတွင်းမှာ ဆန္ဒပြခဲ့ကြတာပါ။

လှိုင်သာယာမြို့နယ်အနောက်ပိုင်း၊ အနော်ရထာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းမှာရှိတဲ့ ချန်းရီဖိနပ်စက်ရုံဟာ ထိုင်ဝမ်နိုင်ငံသားပိုင်စက်ရုံ ဖြစ်ပါတယ်။

စက်ရုံတာဝန်ရှိသူတွေနဲ့ ဆန္ဒပြအလုပ်သမားတွေအကြား ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး ၅ ရက်အတွင်း ပြေလည်အောင် ဖြေရှင်းပေးဖို့ စက်ရုံတာဝန်ရှိသူတွေဘက်က အတည်ပြုထားပေမဲ့ မေ ၁၅ ရက်မှာလည်း စက်ရုံလုပ်သားတွေက ဆက်လက်ဆန္ဒပြနေတာပါ။

NUG အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက “စိုးရိမ်စရာကတော့ ရှိတာကတော့ အမှန်ပါပဲ။ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကလည်း စီးပွားရေးဘဝတိုက်ပွဲ ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ စီးပွားရေးတောင်းဆိုချက်တွေပဲ ရှိမှာပေါ့နော်၊ နိုင်ငံရေး ကြွေးကြော်သံကတော့ တက်လာဖို့လည်း မဖြစ်နိုင်ဘူးပေါ့။ စစ်ကောင်စီရဲ့ သွယ်ဝိုက်တဲ့ ဖိနှိပ်မှုတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ တုံ့ပြန်တယ်လို့လည်း ပြောလို့ရပါတယ်။ ILO မှာ စစ်ကောင်စီရဲ့ အလုပ်သမားဆိုင်ရာ ကွန်ဗင်းရှင်းတွေကို ချိုးဖောက်ထားတဲ့အတွက်ကြောင့် ဒါကို ILO က Article 33 နဲ့ အရေးယူရေး အလုပ်သမားအဖွဲ့ချုပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ လာမယ့် ဇွန်လမှာ ကျင်းပမယ့် ILC မှာ စစ်ကောင်စီကို Article 33 နဲ့ အရေးယူရေးဆိုတာက ဆုံးဖြတ်ချက် ကျလာနိုင်တယ်ပေါ့နော်” လို့ ပြောပါတယ်။

ဥပဒေအရ အခြေခံလုပ်ခလစာဟာ NLD အစိုးရလက်ထက်ကအတိုင်း တရက်ကို ငွေကျပ် ၄,၈၀၀ နှုန်းထားမှာပဲ ရှိနေပြီး စစ်ကောင်စီလက်အောက်မှာ ထောက်ပံ့ကြေးခေါင်းစဉ်နဲ့ တရက်ကို ငွေကျပ် ၂,၀၀၀ နှုန်း ထပ်မံတိုးမြှင့်ပေးထားခဲ့ပါတယ်။

စစ်အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း အဆမတန်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ အထွေထွေစရိတ်တွေကြောင့် အခြေခံလုပ်သားတွေဟာ ဝင်ငွေနဲ့ ထွက်ငွေ မမျှတဘဲ စားဝတ်နေရေး ခက်ခဲနေကြတာပါ။

ချန်းရီဖိနပ်စက်ရုံမှာတော့ အခြေခံလုပ်ခလစာအနေနဲ့ တရက်ကို ငွေကျပ် ၅,၂၀၀ နှုန်း ပေးနေပြီး အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ လုပ်သက် ၅ နှစ်နဲ့အထက် ဝန်ထမ်းတွေကို လုပ်ခလစာ ထပ်တိုးပေးရေး စတာတွေကို အလုပ်သမားတွေက အဓိကထား တောင်းဆိုနေတာပါ။

Progressive Labour Community မှ စိုင်းယုမောင်က “ဥပဒေကလည်း တိတိကျကျ မထုတ်တဲ့ အခါကျတော့ ထောက်ပံ့တယ်ဆိုတဲ့စာ ဖြစ်တဲ့အတွက်ကြောင့် ပေးချင်တဲ့စက်ရုံက ပေးတယ်၊ မပေးချင်တဲ့စက်ရုံက မပေးဘူး။ အဲဒီတော့ ပုံမှန်ဆိုရင်တော့ ဒီ ၄,၈၀၀ က ပုံသေပဲ အခုအချိန်အထိ။ ၂,၀၀၀ ထပ်ပေးတယ် ဆိုတာကတော့ ဒါ ပုံသေမဟုတ်ဘူး။ ထောက်ပံ့ကြေးဆိုတဲ့ ခေါင်းစဥ်နဲ့ ပေးတာဖြစ်တဲ့အတွက်ကြောင့် အကုန်လုံးဆိုရင်တော့ ၄,၈၀၀ ရယ် ၂,၀၀၀ ရယ်ဆိုတော့ ၆,၈၀၀ ပေါ့။ ဘယ်လိုမှ လုံလောက်မှုမရှိပါဘူး အခုအချိန် ကုန်ဈေးနှုန်းနဲ့၊ အလုပ်သမားတွေအတွက် လုံလောက်မှုမရှိဘူး။ အိမ်လခတွေကလည်း တဖြည်းဖြည်းနဲ့ တက်တယ်၊ မီးဖိုးတွေကလည်း တက်တယ်၊ ဒါပေမဲ့ အလုပ်သမားတွေအတွက်ကျတော့ လုပ်ခလစာက တက်မလာဘူး။ အလုပ်သမားတွေအတွက် လက်ရှိဈေးနှုန်းနဲ့ ဘယ်လိုမှ အဆင်မပြေဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ရန်ကုန်မြို့ စက်မှုဇုန်တွေအတွင်း စက်ရုံတချို့က လုပ်သားတွေကို ဖိနှိပ်တာကြောင့် ဆန္ဒပြ တောင်းဆိုမယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့တာပါ။

ရန်ကုန်မြို့မှာ စက်ရုံတွေကို မှီခိုနေရတဲ့ လုပ်သား ၅၀,၀၀၀ အထက်မှာရှိနေပြီး အထွေထွေကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲ ထောင်ချတာတွေ ပြုလုပ်ခဲ့တာကြောင့် အခုတကျော့ပြန် ဆန္ဒပြမှုတွေဟာ မဖြစ်မနေ အခြေအနေကြောင့် အလုပ်သမားတွေဘက်က တောင်းဆိုကြတာသာ ဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက မှတ်ချက်ပေးပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013